မိတ္ထီလာ၊ အောက်တိုဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ပေါ်ရပ်ကွက် (၆) ခုအား သောက်သုံးရေ ဖြန့်ဝေပေးလျက်ရှိသော ရေစင်ကြီးအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၇၈ သန်းကျော်ဖြင့် ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။
မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့ပေါ်ရပ်ကွက်များသို့ သောက်သုံးရေ ဖြန့်ဝေပေးလျက်ရှိသော စျေးအရှေ့ပြင်ရပ်ကွက် ခရိုင်မီးသတ်ဦးစီးဌာနအနီးရှိ ရေဂါလန် (၆၀၀၀၀) ဆံ့ ရေစင်ကြီး နှစ်စင်ရှိသည့်အနက် ဆွေးမြေ့ပျက်စီးနေသည့် ရေစင်ကြီးတစ်စင်အား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ် ၇၈ ဒသမ ၅၆ သန်းဖြင့် တင်ဒါအောင်မြင်သည့် Triple Thar Co,Ltd မှ တာဝန်ယူပြီး အလျား ၁၉ ပေ၊ အနံ ၃၃ ပေ၊ အမြင့် ၄၃ ပေရှိ ရေဂါလန် ၃၅၀၀၀ ဆံ့ သံကူကွန်ကရစ် ရေစင်ကို မေ ၇ ရက်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၎င်းရေစင် တည်ဆောက်ခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ရေစင်မှ မိတ္ထီလာမြို့ပေါ်ရှိ စျေးအရှေ့အပြင်ရပ်ကွက်၊ မြို့မရပ်ကွက်၊ ရတနာမာရ်အောင်ရပ်ကွက်၊ ရန်မျိုးအောင်ရပ်ကွက်၊ အောင်ဇေယျာရပ်ကွက်နှင့် သီရိမင်္ဂလာရပ်ကွက်များအား သောက်သုံးရေများကို အလှည့်ကျ စနစ်ဖြင့် ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


