မိတ္ထီလာ အောက်တိုဘာ ၃၁

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ပေါ်ရပ်ကွက် ခြောက်ခုသို့ သောက်သုံးရေဖြန့်ဝေပေးလျက်ရှိသော ရေစင်ကြီးကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် စည်ပင် သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၇၈ သန်းကျော်ဖြင့် ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

မိတ္ထီလာမြို့ ဈေးအရှေ့ပြင်ရပ်ကွက် ခရိုင်မီးသတ်ဦးစီးဌာနအနီး၌ ရေဂါလန် ၆၀၀၀၀ ဆံ့ ရေစင်ကြီး နှစ်ခုရှိသည့်အနက် ဆွေးမြည့်ပျက်စီး နေသည့် ရေစင်ကြီးတစ်ခုကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ် ၇၈ ဒသမ ၅၆ သန်းဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီက တာဝန်ယူပြီး အမြင့် ၄၃ ပေရှိ ရေဂါလန် ၃၅၀၀၀ ဆံ့ သံကူကွန်ကရစ်ရေစင်အဖြစ် မေလဆန်းက စတင်တည်ဆောက်ခဲ့ရာ ယခု ရာနှုန်းပြည့် ပြီးစီး ပြီဖြစ်သည်။

အဆိုပါ ရေစင်မှ မိတ္ထီလာမြို့ပေါ်ရှိ ဈေးအရှေ့ ပြင်ရပ်ကွက်၊ မြို့မရပ်ကွက်၊ ရတနာမာရ်အောင် ရပ်ကွက်၊ ရန်မျိုးအောင်ရပ်ကွက်၊ အောင်ဇေယျာရပ်ကွက်နှင့် သီရိမင်္ဂလာရပ်ကွက်များသို့ သောက်သုံးရေများကို အလှည့်ကျစနစ်ဖြင့် ဖြန့်ဝေပေးလျက် ရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)