မိတ္ထီလာ  ၈  ဖေဖော်ဝါရီ

 

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်ရှိ ရိုးရာဆင်အက လိုက်သူများ ယခင်နှစ်များထက် ပွဲ အရေအတွက် လိုက်ရမှုများလာသဖြင့် ပိုမိုအဆင်ပြေလာကြောင်း ဆင်အကလိုက်သူများထံမှ သိရသည်။

 

မိတ္ထီလာမြို့ရှိ "ရွှေသဲမောင်"ဆင်အကလိုက်လုပ်ငန်းပိုင်ရှင် ကိုဝင်းမိုးဟိန်းက “ဆင်အကလိုက်တာကို ကျွန်တော် ၂၀၁၈ ခုနှစ်က စတင်လုပ်ကိုင်ခဲ့တာပါ။ ၁၀ပွဲလောက်သာ လိုက်ခဲ့ရပါတယ်။၂၀၁၉ ခုနှစ်မှာ  ပွဲတွေ  ပိုမိုပြီး လိုက်ရပါတယ်။ ယခုနှစ် နှစ်စမှာပဲ ယခင်နှစ်များထက် ပွဲလိုက်ရမှု ပိုမိုများပြားပါတယ်။ ရှေ့လထဲက လိုက်ခဲ့ရတဲ့ ပွဲတွေရှိသလို နောက်လက်ခံထားတဲ့ ပွဲတွေလည်း ရှိလာပါပြီ။ မိတ္ထီလာမြို့ကလည်း ကျွန်တော်တို့ ဆင်အကကို ပိုမိုစိတ်ဝင်စားမှု ပိုမိုများပြားလာပါတယ်။ ယခင်တုန်းကဆို ကျွန်တော်တို့ မိတ္ထီလာမြို့မှာ ဆင်အကအဖွဲ့ နှစ်ဖွဲ့သာရှိပေမယ့် အခုဆို ဆင်အက ငါးဖွဲ့ခန့်ထိ ရှိလာပါပြီ။ ဆင်အကကို စိတ်ဝင်စားမှုတိုးတက်လာသလို ဆင်အကအဖွဲ့တွေ တိုးတက်လာတာလည်းတွေ့ရပြီး ဆင်အက ဒီထက်တိုးတက်ဖို့‌ မျှော်လင့်ပါတယ်။ အခုဆို ကျွန်တော်တို့ဆင်အက အလှူပွဲ ကျောင်းပွဲ ကထိန်ပွဲတွေပါ လိုက်လာရပါပြီ။ ဆင်အက က ကျောက်ဆည်မြို့က စတင်ဆင်းသက်လာတာမို့ ကျွန်တော်တို့နဲ့ အလွန်အလှမ်းဝေးလှ ပါတယ်။ ဝါသနာအရ ကျွန်တော်အကို ဆရာတွေဆီမှာ သင်ယူပြီး ကျွန်တော်ထောင်ခဲ့တာပါ။ ဒီဆင်အက က အင်မတန်ခက်ခဲပင်ပန်းတဲ့အတွက် လွယ်ကူတာတော့ မဟုတ်ပါဘူး။ ဆင်အကကို နောက်ထပ်လူငယ်တွေ စိတ်ဝင်စားလာပြီး ကျောက်ဆည်မြို့ မမှီတောင် ကျွန်တော်တို့ မိတ္ထီလာမြို့မှာ ဆင်အကအဖွဲ့တွေ အများကြီး ပေါ်ထွက်တိုးတက်လာဖို့ မျော်လင့်ပါတယ်"ဟုဆိုသည်။

 

ဆင်အကကို ယခင်က ရိုးရိုးအိုးစည်၊ ဒိုးပတ်၊ ဗုံတို့ဖြင့် အဆင်ပြေသလို ကခဲ့ကြပေမယ့် ယခုဆို ခေတ်နဲ့အညီ ကီးဘုတ်၊ တီးဝိုင်း၊ စလိုက်မီးရောင်စုံနဲ့ ကရပါတယ်။ ဒီထက် တိုးတက်ဖို့ ရေရှည်တိုးတက်ဖို့ဆိုတာ ဒီဆင်ကကို လူငယ်တွေ စိတ်ပါဝင်စား လိုက်နာလေ့လာသင်ယူဖို့ လိုသလို ကျွန်တော်တို့ ပွဲတွေရဖို့လည်းလိုပါတယ်"ဟု သူ့အခက်အခဲကို ဆက်လက် ရှင်းပြသည်။

 

4

 

မိတ္ထီလာမြို့တွင် ဆင်အက လုပ်ငန်းများကို လူအများစိတ်ဝင်စားမှု များပြားလာသလို ဆင်အက အဖွဲ့များလည်း တိုးတက်လာပြီး ဆင်အကလုပ်ငန်းများ ဒီထက်မက တိုးတက်ရန် ဆင်အက လုပ်ငန်း ရေရှည်ရပ်တည်နိုင်ရန် ဆင်အကအဖွဲ့အစည်းများနှင့် ဆင်အကပြိုင်ပွဲများ ဖြစ်ပေါ်လာဖို့ ဆင်အကလုပ်ငန်း လုပ်ကိုင်သူများ မျော်လင့်လျက်ရှိသည်။

 

"ရွှေသဲမောင်" လူငယ်ဆင်အကအဖွဲ့မှ ဆင်အကလိုက်ကသူ ကိုဝေလင်းက "မနှစ်ကထက် ပွဲတွေ ပိုကလာရပါတယ်။ ဆင်ကအတွက် ငွေရေးကြေးရေး အခက်အခဲတွေ အခြားအခက်အခဲတွေ ရှိပါတယ်။ ကျွန်တော်ဆိုတာ ဆင်ကကို သိပ်ကျွမ်းကျင်အဆင့်ရောက်တယ် မခေါ်သေးပါဘူး။ ကိုယ့်ထက် ဆရာကျတဲ့ပညာရှင်တွေဆီမှာ အများကြီးသင်ယူလေ့ လာချင်ပါတယ်။ တပည့်ခံ သင်ယူမှာပါ။ မိတ္ထီလာမြို့မှာ ဆင်က ကတာတွေ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ မတူကြပါဘူး။ ဆင်အက တိုးတက်ဖို့ ဒီထက်ပညာတွေ သင်ယူချင်သလို ဆင်က ပြိုင်ပွဲတွေ ဖြစ်ပေါ်လာမယ်ဆို ဆင်အကပညာရပ်တွေ တိုးတက်လာမယ် ဒီထက်တိုးတက်အောင် ကြိုးစားချင်ပါတယ်"ဟု ပြောကြားသည်။

 

ကျောက်ဆည်မြို့မှ ဆင်အကနှင့် ဆင်အက ပြိုင်ပွဲများမှာ မြန်မာပြည်အတွင်း ထင်ရှား ကျော်ကြားလျက်ရှိသော ပညာရပ်တစ်ခုဖြစ်ပြီး မိတ္ထီလာမြို့ရှိ ဆင်အကလုပ်ငန်းများကို ကျောက်ဆည်မြို့မှ ဆင်အကပညာရှင်များထံမှ သင်ယူတွဲဖတ် လုပ်ဆောင်လျက်ရှိပြီး ဆင်အကကို လူအများစိတ်ဝင်စားမှု တိုးတက်လာခြင်းကြောင့် ယခုနှစ်ဦးပိုင်းတွင် ဆင်အက လိုက်ရမှုများ တိုးတက်လာပြီး ဆင်အက အဖွဲ့များ တိုးတက်လာကြောင်း သိရသည်။

 

ဘိုဘို(မလှိုင်)