မိတ္ထီလာ ၂၆ ဧပြီ
မိတ္ထီလာမြို့တွင်းသို့ ဝင်ထွက်သွားလာသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းများ တပ်ဆင်ပြီးမှုသာ ဝင်ရောက်ထွက်သွားလာရန် အဖွဲ့ ၄ ဖွဲ့ခွဲ၍ နေရာ ၄ ခုတွင် စစ်ဆေးအသိပညာပေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအောင် ထံက သိရသည်။
မိတ္ထီလာမြို့တွင်းကို ဝင်ထွက်သွားလာတဲ့ မော်တော်ဆိုင်ကယ်၊ မော်တော်ယာဉ် မောင်းနှင်သူတွေ၊ တခြားနည်းနဲ့ ဝင်ထွက်သွားလာသူအားလုံးကို နှာခေါင်းစည်းတပ်ဆင်ပြီးမှသာ မြို့ထဲကို ဝင်ထွက်သွားလာဖို့ စစ်ဆေး အသိပညာပေးတာပါ။ ဝန်ဇင်းရပ်ကွက် စက်ကြီးဆည်မြောင်းအနီး မိတ္ထီလာ-မြင်းခြံကားလမ်း၊ ရတနာမာရ်ရပ်ကွက် ဖောင်တော်ထိပ်ဘုရားအနီး မိတ္ထီလာ-နေပြည်တော်-ရန်ကုန်ကားလမ်း ၊ ပြည်သာယာ ၃ လမ်း အနီးရန်ကုန်-မန္တလေးကားလမ်းနဲ့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းအနီး မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်း နေရာ ၄ နေရာမှာအဖွဲ့ ၄ ဖွဲ့ခွဲပြီး စစ်ဆေးအသိပညာပေး ဆောင်ရွက်တာပါ။ နှာခေါင်းစည်းမတပ်ဆင်တာမျိုး စစ်ဆေးတွေ့ရှိရင် ပညာပေးအနေနဲ့ နှာခေါင်းစည်းတစ်ခုကို ၅၀၀ ကျပ်နဲ့ ရောင်းချပေးပြီး ချက်ချင်းတပ်ဆင်ပြီးမှ ဝင်ရောက်ခွင့်ပြုပါတယ်။ လုံး၀ အဆင်မပြေတဲ့သူမျိုးဆိုလည်း နှာခေါင်းစည်းကို အခမဲ့ပေးလိုက်တာမျိုး ရှိပါတယ်။ အဲဒီက ရောင်းလို့ရတဲ့ငွေကို နှာခေါင်းစည်းပြန်ဝယ်တာပါ။ အခုလို နှာခေါင်းစည်းတပ်ဆင်ရေး အသိပညာပေးစစ်ဆေးတာကို မနေ့က ဧပြီ ၂၅ ရက်နေ့ကစတင်ပြီး ပညာပေးအနေနဲ့ စတင်ဆောင်ရွက်တာပါဟု မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအောင် က ပြောသည်။
အဆိုပါ မြို့ဝင်မြို့ထွက်နေရာများတွင် နှာခေါင်းစည်းတပ်ဆင်ပြီး ဝင်ထွက်သွားလာရန် စစ်ဆေးအသိပညာ ပေးခြင်းကို ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအသင်းများ၊ မြို့မိမြို့ဖများပါဝင်သည့် ပူးပေါင်းအဖွဲ့ဖွဲ့ကာ ဆောင်ရွက်ခြင်းဖြစ်ပြီး ရပ်ကွက် ကျေးရွာများတွင်လည်း အိမ်ပြင်ထွက်သွားလာပါက နှာခေါင်းစည်းများ တပ်ဆင်ပြီးမှသာ သွားလာကြရန် အသိပညာပေးနှိုးဆော်ထားကြောင်း သိရသည်။
ချမ်းသာ (မိတ္ထီလာ)


