မိတ္ထီလာ ၃  ဇွန်

 

မိတ္ထီလာ၌ ၂ဝ၂ဝ ပြည့်နှစ်ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်များနှင့် မဲရုံအရေအတွက်များကို သတ်မှတ်ထားရှိပြီး ဖြစ်ကာ မဲဆန္ဒနယ်မှာ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲအတိုင်း ပြောင်းလဲမှုမရှိဘဲ မဲရုံအရေအတွက်မှာ ၉ ရုံပိုလာကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဇော်ဝင်း ထံက သိရသည်။

 

 “ မဲဆန္ဒနယ် သတ်မှတ်တာက ဆန္ဒမဲပေးနိုင်တဲ့ လူဦးရေပေါ် မူတည်ပြီး ခွဲဝေသတ်မှတ်တာဖြစ်ပြီး အဲဒီလူဦးရေက အများကြီး ကွာဟမှုမရှိတာကြောင့် မိတ္ထီလာမှာ မဲဆန္ဒနယ်က ၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲတုန်းက အတိုင်းပဲ ဖြစ်ပါတယ်။ မဲဆန္ဒနယ် (၁) မှာ ရပ်ကွက် ၈ ခု ၊ ကျေးရွာ အုပ်စု ၂၉ စု ပါဝင်ပြီး မဲဆန္ဒနယ် ( ၂ ) မှာ ရပ်ကွက် ၆ ခု ၊ ကျေးရွာအုပ်စု ၂၉ အုပ်စု ပါဝင်မှာဖြစ်ပါတယ်။ လက်ရှိယနေ့အချိန်အထိ ပြုစုကောက်ယူ စိစစ်ဆဲဖြစ်တဲ့စာရင်းအရ   တစ်မြို့နယ်လုံးမှာ ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူ ၂၃၂၆၉၁ ဦးရှိပြီး မဲဆန္ဒနယ်(၁) မှာ ၁၁၈၆၅၉ ဦး၊ မဲဆန္ဒနယ် (၂)မှာ ၁၁၄ဝ၃၂ ဦး နေထိုင် ပါဝင်ပါတယ်။ မဲရုံအရေအတွက်ကတော့ ရပ်ကွက်ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲတွေရဲ့ ဝေးလံတဲ့ ကျေးရွာအရပ် ဒေသတွေမှာ အဆင်ပြေစွာ မဲပေးနိုင်ဖို့ရည်ရွယ်ပြီး တင်ပြလာမှုကြောင့် ဆက်လက်တင်ပြ ဆောင်ရွက်ပြီး ခွင့်ပြုချက်အရ       မဲရုံအရေအတွက်ပေါင်း တစ်မြို့နယ်လုံးမှာ ၂၉၇ ရုံ ရှိမှာဖြစ်ပါတယ်ဟု       မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ    ဦးဇော်ဝင်း က ပြောသည်။

 

မိတ္ထီလာမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအနေဖြင့် ၂ဝ၂ဝ ပြည့်နှစ်ရွေးကောက်ပွဲအတွက် ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းဖြစ်ရေး၊ မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း ပေးပိုင်ခွင့် ရရှိရေးတို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတို့၏ လမ်းညွှန်ချက်များအတိုင်း မဲဆန္ဒရှင် စာရင်းများကို လစဉ်စိစစ်ဆောင်ရွက် လျက်ရှိသည်။

 

မိတ္ထီလာ၌ ၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲ ကျင်းပခဲ့စဉ်က တစ်မြို့နယ်လုံးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၂၄၃၅၃၆ ဦးရှိခဲ့ကြောင်း သိရသည်။

 

ချမ်းသာ(မိတ္ထီလာ)