မိတ္ထီလာ ၅ ဒီဇင်ဘာ
မိတ္ထီလာမြို့နယ်အတွင်း အခြေခံ မဲဆန္ဒရှင်စာရင်များ တိကျမှန်ကန်ရေးအတွက် ရပ်ကွက်ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ရုံးများသို့ ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဇော်ဝင်းထံက သိရသည်။
“မြို့နယ်အဆင့်ကနေ ကွန်ပျူတာရိုက်ပြီးသား အခြေခံမဲဆန္ဒရှင်စာရင်းတွေကို ရပ်ကွက်ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲထံ ထုတ်ပေးထားတာရှိတယ်။ ကွန်ပျူတာအမှားအယွင်းကြောင့်ပဲဖြစ်ဖြစ် ရပ်ကွက် ကျေးရွာအုပ်စုတွေက တက်လာတဲ့စာရင်းတွေကနေ အမှားအယွင်းရှိနေတာပဲဖြစ်ဖြစ် ပြန်ပြီးတော့ ပြုပြင်နိုင်အောင်လို့ ကွင်းဆင်းစစ်ဆေးတာပါ ။ မဲစာရင်းတွေမှာ ဘယ်လိုအမှားအယွင်းမျိုးဆိုရင် ဘယ်နည်းလမ်းနဲ့ ပြင်ရမယ်ဆိုတာမျိုးတွေလည်း ကွင်းဆင်းရင်း ရှင်းပြပေးသွားပါတယ်။ မှားလေးမှားထရှိတာက မွေးသက္ကရာဇ် မှားတတ်တယ်။ မှတ်ပုံတင်နံပါတ် ရှေ့နောက်မှားတတ်တယ်။ မိဘနာမည်မှားတတ်တယ်။ ကျားမ လွဲတာလေးတွေမှားတတ်တယ်။ အဲဒါမျိုးတွေအမှားအယွင်းတွေကို ပြင်လို့လွယ်တဲ့အချိန်မှာ ပြင်နိုင်အောင်လို့ အခုလို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်တာပါ ။ ရည်ရွယ်ချက်ကတော့ အမှန်ကန်ဆုံးမဲစာရင်း ဖြစ်အောင်လို့ ရည်ရွယ်ပြီး အခုလို ကွင်းဆင်း စစ်ဆေးတာပါ ”ဟု မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဇော်ဝင်း က ပြောသည်။
မိတ္ထီလာမြို့နယ်အတွင်းရှိ မဲဆန္ဒနယ် (၁ )နှင့် မဲဆန္ဒနယ် (၂ ) တို့တွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ အဖွဲ့ ( ၂ )ဖွဲ့ခွဲ၍ အခြေခံ မဲစာရင်းများ ကွင်းဆင်း စစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိပြီး ယနေ့အချိန်အထိ နောက်ဆုံးရစာရင်းများအရ မြို့နယ် အတွင်း မဲပေးနိုင်သည့် မဲဆန္ဒရှင် နှစ်သိန်းလေးသောင်းခန့် ရှိကြောင်းသိရသည်။
ချမ်းသာ(မိတ္ထီလာ)