မိတ္ထီလာ ဒီဇင်ဘာ ၃ဝ
မိတ္ထီလာခရိုင်မှ၂ဝ၂၁ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့ဆိပ်တော် အလှူခံ ရရှိတော်မူသော ဆရာတော်ကြီး ခုနစ်ပါးနှင့် သီလရှင်ဆရာကြီး တစ်ပါးတို့အား ထပ်ဆင့်ဂုဏပူဇာသဘင်နှင့် ၂ဝ၂၁ ခုနှစ် အစိုးရဓမ္မာစရိယ စာမေးပွဲ၊ နိကာယ်ငါးရပ်စာမေးပွဲနှင့်ပါဠိပထမပြန်စာမေးပွဲတို့တွင် ဖြေဆိုအောင်မြင်တော်မူသည့် စာအောင် သံဃာတော်နှင့် သီလရှင် ၂၆၅ ပါးတို့အား ပူဇော်သော စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ဒီဇင်ဘာ ၂၉ ရက်က အောင်မင်္ဂလာခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တသူရိယထံ ဘွဲ့တံဆိပ်၊ အဆောင်အယောင်များနှင့် နဝကမ္မဝတ္ထုငွေ ၅ သိန်းကျပ်ကို လေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်ချုပ်စိုးအောင်က လည်းကောင်း၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တ ကောဝိဒထံ ဘွဲ့တံဆိပ်၊ အဆောင်အယောင်များနှင့် နဝကမ္မဝတ္ထုငွေ ၅ သိန်းကျပ်ကို တပ်နယ်မှူး ဗိုလ်မှူးကြီး သန်းနိုင်စိုးနှင့် ဇနီး ဒေါ်ဝင်းသန္တာကိုတို့က လည်းကောင်း၊ ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တပညာသာမိ (မိတ္ထီလာ)ထံ ဘွဲ့တံဆိပ်တော်၊ အဆောင်အယောင်များနှင့် နဝကမ္မဝတ္ထုငွေ ၅ သိန်းကျပ်ကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက လည်းကောင်း၊ ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တဝိလာသထံ ဘွဲ့တံဆိပ်၊ အဆောင်အယောင်များကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လေးက လည်းကောင်း၊ နဝကမ္မဝတ္ထုငွေ ၅ သိန်းကျပ်ကို ဦးကျော်ဆွေ၊ ဒေါ်ခင်မိုးဆွေ မိသားစုက လည်းကောင်း၊ ကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တတေဇဝန္တထံ ဘွဲ့တံဆိပ်၊ အဆောင်အယောင်များကို ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်ဇေယျက လည်းကောင်း၊ နဝကမ္မဝတ္ထုငွေ ၅ သိန်းကျပ်ကို ဝိသာခါအဖွဲ့ (သီလရှင် ထောက်ပံ့လှူဒါန်းရေးအဖွဲ့) က လည်းကောင်း၊ ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တ ခေမာသီရိထံ ဘွဲ့တံဆိပ်၊ အဆောင်အယောင်များကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးထက်ဇော်က လည်းကောင်း၊ နဝကမ္မဝတ္ထုငွေ ၅သိန်းကျပ်ကို ဦးခင်မောင်ထွန်း၊ ဒေါ်မိုးမိုးဝင်း (သီရိသုဓမ္မသိင်္ဂီ)မိသားစုက လည်းကောင်း၊ ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တပညာသာမိ (ဝမ်းတွင်း) ထံ ဘွဲ့တံဆိပ်၊ အဆောင်အယောင်များကို ဆုတောင်းပြည့် သာသနာ့ဗိမာန် အကျိုးဆောင်အဖွဲ့မှ ဦးညီညီမောင်က လည်းကောင်း၊ နဝကမ္မဝတ္ထုငွေ ၅ သိန်းကျပ်ကို ဦးဌေးမြင့်၊ ဒေါ်ဝင်းဝင်းခိုင် (သီရိသုဓမ္မသိင်္ဂီ ) မိသားစုက လည်းကောင်း၊ ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီး ဒေါ်ဝဏ္ဏသီရိထံ ဘွဲ့တံဆိပ်၊ အဆောင်အယောင်များနှင့် နဝကမ္မဝတ္ထုငွေ ၅ သိန်းကျပ်ကို ခရိုင် အုပ်ချုပ်ရေးမှူး၏ ဇနီး ဒေါက်တာစောမြင့်ထူးက လည်းကောင်း၊ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ (ရွှေကျင်) ဆရာတော် ဘဒ္ဒန္တသံဝရထံ ၂ဝ၂၁ ခုနှစ် စာအောင်သံဃာနှင့် သီလရှင် စုစုပေါင်း ၂၆၅ ပါးတို့၏ စာအောင်လက်မှတ်များနှင့် နဝကမ္မ ဝတ္ထုငွေများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးက လည်းကောင်း အသီးသီး ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် သာသနာတော်ဆိုင်ရာ ဘွဲ့ဆိပ်တော် အလှူခံ ရရှိတော်မူသော ဆရာတော်ကြီး ခုနစ်ပါး နှင့် သီလရှင်ဆရာကြီး တစ်ပါး အပါအဝင် ပင့်သံဃာ၊ သီလရှင် စုစုပေါင်း ၃၆ ပါးတို့အား လှူဖွယ်ဝတ္ထုများနှင့် ဆွမ်းဆန်တော်များကို တာဝန်ရှိသူများနှင့် စေတနာရှင် အလှူရှင်များက စုပေါင်းဆက်ကပ် လောင်းလှူခဲ့ကြောင်း သိရသည်။
ချမ်းသာ (မိတ္ထီလာ)