မိတ္ထီလာ  ၁၁  ဧပြီ

 

မိတ္ထီလာမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန်ရုံးပိတ်ရက်ရှည်ကာလအတွင်း အမှန်တကယ် အခက်အခဲကြုံတွေ့နေသည့် အိမ်ထောင်စုများအား စိစစ်၍ အခြေခံစားသောက်ကုန်များကို ဒေသခံ စေတနာရှင်အလှူရှင်များက ထောက်ပံ့ကူညီလျက်ရှိကြောင်း သိရသည်။

  

“မနေ့က ရန်မျိုးအောင်နဲ့ အောင်ဆန်းရပ်ကွက်နယ်မြေမှာရှိတဲ့ အမှန်တကယ် အခက်အခဲကြုံတွေ့နေတဲ့ အိမ်ထောင်စုတွေကို ကွင်းဆင်းစာရင်းကောက်ယူပြီး အိမ်ထောင်စု ၂၆၀ ကို တစ်အိမ်ထောင်စု ဆန်နှစ်ပြည်၊ ဆီသုံးဆယ်သား၊ ကြက်သွန်နီ ငါးဆယ်သား၊ ဆား နှစ်ဆယ့်ငါးကျပ်သား၊ ကုလားပဲ နှစ်ဆယ့်ငါးကျပ်သား၊ ကြက်ဥခြောက်လုံး၊ လက်ဖက်ထုပ် သုံးထုပ်၊ မားမားခေါက်ဆွဲခြောက်ထုပ် တစ်ထုပ် စုစုပေါင်း ပစ္စည်း ၈ မျိုး တန်ဖိုးငွေ ၇၀၀၀ ကျပ်ခန့် ပေးဝေထောက်ပံ့ ကူညီခဲ့ပါတယ်။ တတ်နိုင်သရွေ့ အိမ်မှာပဲ နေကြဖို့၊ လက်ကို လက်ဆေးဆပ်ပြာနဲ့ မကြာခဏဆေးဖို့ တို့ကိုလည်း တတ်နိုင်သလောက် ပညာပေးပြောကြားခဲ့ပြီး မြန်မာနိုင်ငံဆရာဝန်များအသင်း (မိတ္ထီလာ) က ပေးထားတဲ့ ကိုဗစ် -၁၉ အသိပညာပေး လက်ကမ်းစာစောင်များကို ပေးဝေခဲ့ပါတယ်။ လိုအပ်ရင် နောင်လည်း ဆက်ထောက်ပံ့ကူညီပေးသွားမှာပါ ”ဟု စုပေါင်းစေတနာရှင် အလှူရှင်များ၏ ပါဝင်လှူဒါန်းမှုနှင့်အတူ ဦးဆောင်လှူဒါန်းကူညီခဲ့သူ ရန်မျိုးအောင်ရပ်ကွက်နေ ဦးကျော်က ပြောသည်။

 

အလားတူ မိတ္ထီလာ ဒေသခံစေတနာရှင် အလှူရှင်များ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပရဟိတလူငယ်အဖွဲ့များက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်ဆက်စပ်၍ အရေးကြီးကာလအတွင်း အမှန်တကယ် နေ့စဉ်စားသောက်ရေး အခက်အခဲရှိသည့် အိမ်ထောင်စုများရှိရာ ရပ်ကွက်ကျေးရွာများသို့ ကွင်းဆင်း၍ အခြေခံစားသောက်ကုန်ပစ္စည်း လှူဒါန်းထောက်ပံ့ကူညီခြင်း၊ လိုအပ်သည့်နေရာများတွင် ပိုးသတ်ဆေးဖျန်းပေးခြင်းများကို ဝိုင်းဝန်းကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ချမ်းသာ (မိတ္ထီလာ)