မိတ္ထီလာ ၉  စက်တင်ဘာ 


မိတ္ထီလာမြို့ ၁၃၆ ကြိမ်မြောက် သမိုင်းဝင် ဖောင်တော်ဦးစေတီ ဗုဒ္ဓပူဇနိယပွဲတော်တွင် ထည့်သွင်းကျင်းပသည့် မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲ ယနေ့ နံနက် ၁၀ နာရီက အဆိုပါစေတီတော်အနီး ကန်ရေပြင်တွင် စတင်ကျင်းပကြောင်း သိရသည်။ 


“မြန်မာ့ရိုးရာ လောင်းလှေပြိုင်ပွဲကို ဒီနေ့စတင် ကျင်းပပြုလုပ်တာ ဖြစ်ပါတယ်။ ပြိုင်ပွဲကို စက်တင်ဘာ ၁၄ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး အဲဒီနေ့မှာ ဗိုလ်လုပွဲနဲ့ ဆုချီးမြှင့်ပွဲကို ကျင်းပမှာပါ။ အကြီးတန်း ပထမဆု ၅ သိန်း၊ ဒုတိယဆု ၃ သိန်း၊ တတိယဆု ၂ သိန်း၊ အငယ်တန်း ပထမဆု ၃ သိန်း၊ ဒုတိယဆု ၂ သိန်းနဲ့ တတိယဆု တစ်သိန်းကျပ် ဂုဏ်ပြုဆုငွေ၊ ဆုဖလားနဲ့ တစ်ဦးချင်း ဆုတံဆိပ်တွေကို ထိုက်ထိုက်တန်တန် ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ ဒီနှစ်တော့ ထူးထူးခြားခြား အငယ်တန်းပြိုင်ပွဲမှာ ပြိုင်ပွဲဝင်အသင်း ၂၂ သင်းအထိ ရှိပြီးတော့ မုန်တိုင်ကျေးရွာလို ယခုနှစ်မှာမှ လှေပြိုင်ပွဲစတင်လာရောက်ယှဉ်ပြိုင်တဲ့ အသင်းသစ်တွေလည်း ပါဝင်တယ်”ဟု လှေပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆန်းက ပြောသည်။


အဆိုပါ လှေပြိုင်ပွဲတွင် အကြီးတန်း ၆ သင်း အငယ်တန်း ၂၂ သင်း စုစုပေါင်း ၂၈ သင်းပါဝင်ယှဉ်ပြိုင်ပြီး နေ့စဉ်ပြိုင်ပွဲစဉ် ၁၄ ခု ယှဉ်ပြိုင်လှော်ခတ်သည့်ပွဲအရေအတွက် ၂၈ ပွဲကျော် ရှိမည်ဖြစ်သည်။ လှေပြိုင်ပွဲသို့ နွားစမ်းတောင်၊ အုတ်နှဲဘုတ်၊ အင်းပက်လက်၊ လူးခင်းကြီး၊ မုန်တိုင်  စသည်ကျေးရွာများနှင့် မြင်းခြံဒေသတို့မှ လှေအသင်းများ ပါဝင်ယှဉ်ပြိုင်ကြပြီး လှေပြိုင်ပွဲအား ဘုရားပွဲလည်ပတ်သူများနှင့် လှေပြိုင်ပွဲကြိုက်နှစ်သက်သည့် လူကြီးလူငယ်များ စည်ကားသိုက်မြိုက်စွာကြည့်ရှုအားပေးကြောင်း သိရသည်။


ချမ်းသာ(မိတ္ထီလာ)

 

1