မိတ္ထီလာ ၂၆ ဇွန်
မိတ္ထီလာမြို့၌ Wheel Chair ဖြင့်အသုံးပြုသွားလာနေရသူ မသန်စွမ်းသူများ ကိုယ်တိုင်မောင်းနှင်နိုင်သည့် လျှပ်စစ်ဆိုင်ကယ်ကို လူငယ်တွင်ခုံဆရာတစ်ဦးက တီထွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒီလျှပ်စစ်ဆိုင်ကယ်ကို တီထွင်ပြုလုပ်တဲ့ရည်ရွယ်ချက်ကတော့ Whell Chair ကိုအသုံးပြု လုပ်သွားလာပြီး Wheel Chair ပေါ်က လုံးဝအတက်အဆင်း အခက်ခဲဖြစ်နေသူတွေအတွက် ကိုယ်တိုင်မောင်းနှင်နိုင် အသုံးပြုနိုင် အောင်ရည်ရွယ်ပြီး ပြုလုပ်ခဲ့တာပါ။ ဆိုင်ကယ်က လျှပ်စစ်ဘတ္ထီရီ အသုံးပြုတဲ့ အမျိုးအစားဖြစ်ပြီး ဗို့အား ၆ဝ ၊ တစ်နာရီကို ၁၈ မိုင်နှုန်းမောင်းနှင်နိုင်ပြီး ဘတ္ထီရီကို အားအပြည့် ဖြည့်ထားမယ်ဆိုရင် တစ်ကြိမ်ကို ၁၅ မိုင်အထိ မောင်းနှင်နိုင်ပါတယ်။ ဘတ္ထီရီအားဖြည့်ချိန်ကတော့ ၇ နာရီလောက်ကြာမြင့်ပါတယ်။ တပ်ဆင်တဲ့ပစ္စည်းတွေရော လက်ခရော အပြီးအစီးဆို ၁၂ သိန်းကျပ်ခန့်ကုန်ကျပါတယ် ဟု အဆိုပါလျှပ်စစ်ဆိုင်ငယ်အားတီထွင် ပြုလုပ်ခဲ့သူ ကိုဇော်မျိုးဦး က ပြောသည်။
အဆိုပါ လျှပ်စစ်ဆိုင်ကယ်ကိုအသုံးပြုမည့် Wheel Chair အသုံးပြုသည့် မသန်စွမ်းသူများအနေဖြင့် Wheel Chair ပေါ်မှ ဆင်းရန်မလိုအပ်ဘဲ ဆိုင်ကယ်အပေါ်အထိ Wheel ဖြင့် တက်ရောက် မောင်းနှင် နိုင်သည်။ ဆိုင်ကယ်ပေါ်တက်ရောက်ရာတွင် လုံခြုံရေးတံခါးအား မောင်းတံဆွဲဖွင့်၍ တက်ရောက်ကာ အပေါ်လျှင်လုံခြုံရေး တံခါးအားပြန်ပိတ်ရမည်။ ၎င်းနောက်ဆိုင်ကယ်အား သော့ဖွင့်၍ လီဘာဆွဲကာ မောင်းနှင်နိုင်ပြီး ရှေ့နောက်ဘရိတ်နှစ်ခုကိုလည်းလက်ကိုင်တွင် အလွယ်တကူအသုံးပြုနိုင်ရန် တပ်ဆင် ပေးထားကာ အဆိုပါ လျှပ်စစ်ဆိုင်ကယ်အား ရှေ့နောက်မောင်းနှင်နိုင်ရန် ရှေ့နောက် ဂီယာစနစ်ပါ ထည့်သွင်းပေးထားကြောင်း သိရသည်။
အဆိုပါ လျှပ်စစ်ဆိုင်ကယ်အား တီထွင်ပြုလုပ်ခဲ့သူ ကိုဇော်မျိုးဦးသည် ၂ဝ၁၃ ခုနှစ်မှ စတင်၍ ဆိုင်ကယ် အင်ဂျင် ( 110 ) အားအသုံးပြု၍ မီနီကားငယ်တစ်စီးကို စတင်တီထွင်ပြုလုပ်ခဲ့ပြီး ယနေ့အချိန်အထိ ဆိုင်ကယ်အင်ဂျင် အသုံးပြုသည့် မီနီကားငယ် ၃စီး၊ မသန်စွမ်းသူများအသုံးပြုနိုင်သည့် ဆိုင်ကယ် ၂၁ စီး နှင့် ယခု ပထမဆုံးလျှပ်စစ်ဆိုင်ကယ် အပါအဝင် အထူးတီထွင်ထားသည့် ယာဉ်၂၅ စီး ကို တီထွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ချမ်းသာ (မိတ္ထီလာ)


