မိတ္ထီလာ ၄ ဇန်နဝါရီ

 

မိတ္ထီလာနည်းပညာတက္ကသိုလ်၌ ၂ဝ၂ဝ ပရောဂျက်ပြပွဲ (Project, Product Show and Funfair 2020) ကို ဇန်နဝါရီ ၄ ရက် နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်တွင် ကျင်းပခဲ့သည်။

 

“ကျောင်းသား ကျောင်းသူတွေကို သက်ဆိုင်ရာ ဘာသာရပ်အလိုက်  ကိုယ်တိုင်တီထွင်ဖန်တီးလိုစိတ်တွေ ရှိလာစေဖို့၊  သက်ဆိုင်တဲ့ ပညာရပ်အလိုက် ပိုမိုလေ့လာသင်ယူဆောင်ရွက်လိုစိတ်တွေဖြစ်ပေါ်လာစေဖို့နဲ့ ကျောင်းသား ကျောင်းသူတွေအနေနဲ့ ဘယ်လိုပရောဂျက်တွေကို ဆောင်ရွက်ပြုလုပ်နေရတာလဲဆိုတာ အခြားနည်းပညာစိတ်ဝင်စားတဲ့ ကျောင်းသား ကျောင်းသူတွေ၊ လူငယ်တွေကို ပြသနိုင်ဖို့ ရည်ရွယ်ပြီး အခုလို ပရောဂျက်ပြပွဲတွေကို နှစ်စဉ်ကျင်းပပြုလုပ်တာဖြစ်ပါတယ်၊ အခုအကြိမ်က တတိယအကြိမ်မြောက် ပရောဂျက်ပြပွဲလည်း ဖြစ်ပါတယ်” ဟု  မိတ္ထီလာနည်းပညာတက္ကသိုလ်မှ ဒေါက်တာစုမျိုးခင် (သင်တန်းရေးရာဌာန ၊ ဌာနကြီးမှူး ) ကပြောသည်။

 

အဆိုပါ ပရောဂျက်ပြပွဲအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်း၊ မိတ္ထီလာ  နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာအောင်မျိုးသူနှင့် ထွန်းနေဝန်းသစ္စာကုမ္ပဏီလီမီတက် မန်နေဂျာ ဦးမျိုးသူရတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

 

ယင်း ပရောဂျက်ပြပွဲတွင်  မိတ္ထီလာနည်းပညာတက္ကသိုလ် ကျောင်းသား ကျောင်းသူများ ပါဝင်ဆောင်ရွက် ထားသည့် ဘာသာရပ် ၆ ခုနှင့် သက်ဆိုင်သော ပြခန်း ၆ ခန်းကို ခင်းကျင်းပြသထားရာ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ၊ နည်းပညာစိတ်ဝင်စားသူများက လာရောက်လေ့လာ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

ချမ်းသာ (မိတ္ထီလာ)