မိတ္ထီလာ ၁၄ ဇန်နဝါရီ

 

မိတ္ထီလာပြည်သူ့ဆေးရုံကြီးသို့ သာကီနွယ် ကျန်းမာရေး လူမှုအကျိုးဆောင်အဖွဲ့မှ လူသွားစင်္ကြံလမ်း ဆောက်လုပ်လှူဒါန်းခြင်းနှင့် ထရော်လီ၊ဝှီးချဲများ ပေးအပ်လှူဒါန်းခြင်းကို ဇန်နဝါရီ ၁၄ ရက်နေ့ နံနက် ၉ နာရီက မိတ္ထီလာပြည်သူ့ဆေးရုံကြီးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

 

8520

 

 “သာကီနွယ် ကျန်းမာရေး လူမှုအကျိုးဆောင်အဖွဲ့မှ မိတ္ထီလာပြည်သူ့ဆေးရုံကြီးအတွက် လူနာဆောင်မှ ဓာတ်မှန်ရိုက်သည့်အဆောင်သို့ သွားသည့် လူသွားစင်္ကြံလမ်းနှင့် ထရော်လီ၊ဝှီးချဲများကို လှူဒါန်းပေးသည့်အတွက် အလွန်ဝမ်းမြောက်မိပါကြောင်း၊ လူနာများအတွက် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်းပေးခဲ့သည့်အပြင် ဆေးရုံကြီးအတွက် လိုအပ်သည့်ပစ္စည်းများ၊ လူနာများ   လိုအပ်သည့် ကူညီမှုများပေးလျက်ရှိသည့်အတွက် အသိအမှတ်ပြုအပ်ပါကြောင်း၊ နောင်တွင်လည်း လူနာများနှင့် ကိုက်ညီသည့် အသုံးဆောင်ပစ္စည်းများကို  ဆက်လက် လှူဒါန်း ပေးစေလိုကြောင်း  ” မိတ္ထီလာ ပြည်သူ့ဆေးရုံ အုပ်ကြီး ဒေါက်တာညွှန့်တင်မှ ပြေကြားခဲ့သည်။

 

ဆက်လက်၍ သာကီနွယ် ကျန်းမာရေး လူမှုအကျိုးဆောင်အဖွဲ့မှ အတွင်းရေးမှူး  ဒေါက်တာမြင့်ဆွေ စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီး(ငြိမ်း)က ပြောကြားရာတွင်  ကျန်းမာရေး ချို့ယွင်းပြီး ငွေကြေး အခက်အခဲရှိသည့် လူများအား ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် သာကီနွယ် ကျန်းမာရေး လူမှု အကျိုးဆောင်အဖွဲ့ကို ၂၀ဝ၅ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ၂၀ဝ၅ခုနှစ်မှ စတင်ပြီး ယခုနှစ်အထိ နှစ်ပေါင်း(၁၅)နှစ်အတွင်း လှူဒါန်းခဲ့သည့်မှာ လူနာ (၃၀ဝ၀)ကျော် တန်ဖိုးအားဖြင့် ငွေကျပ်သိန်း (၇၀ဝ)ကျော် ရှိပြီဖြစ်ပါကြောင်း၊ လှူဒါန်းသည့် လူနာများမှာလည်း ဆေးရုံတက်နေသည့် လူနာများ၊ ဆေးရုံပြင်ပမှ လူနာများနှင့် နယ်လှည့်ဆေးကုသသည့်အဖွဲ့များတွင်လည်း ပေးအပ်လှူဒါန်းခဲ့ပါကြောင်း၊ ၎င်းအပြင် ဆေးရုံကြီးတွင် လိုအပ်လျက်ရှိသော မြွေဆိပ်ဖြေဆေးများ၊ ပန်ကာများ၊ ကျောက်ကပ် သန့်စင်စက်၊ အောက်ဆီဂျင်အိုးများကိုလည်း ပေးအပ်လှူဒါန်းခဲ့ပါကြောင်း၊ ယခုအခါမှာ ဆေးရုံကြီးတွင် လိုအပ်လျက် ရှိသည့် လူသွားစင်္ကြံလမ်း နှင့် ထရော်လီ၊ ဝှီးချဲများကို ပေးအပ်လှူဒါန်းခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

 

သာကီနွယ် ကျန်းမာရေး လူမှုအကျိုးဆောင်အဖွဲ့မှ မိတ္ထီလာပြည်သူ့ဆေးရုံကြီးရှိ  လူနာဆောင်မှ ဓာတ်မှန်ရိုက်သည့် အဆောင်သို့သွားသည့်  အရှည် ပေ ၁၉၀ ၊အကျယ် ၈ ပေ ကွန်ကရစ်လမ်းနှင့် အမြင့် ၉ပေ ရှိ သွပ်မိုး အမိုးပါ လူသွားစင်္ကြံလမ်း ၊ ထရော်လီ (၅)ခု၊ ဝှီးချဲ(၅)ခုနှင့်အတူ စာရွက်စာတန်းတို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)