မိတ္ထီလာ နိုဝင်ဘာ ၂၅

         

မိတ္ထီလာမြို့ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းတွင် ရက်ကန်းစက်မောင်းနှင့် စက်ပြင် သင်တန်းအား ဒေသအတွင်းလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်ရည်ရွယ်ချက်ဖြင့် နှစ်လကြာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း အဆိုပါရက်ကန်းသင်ကျောင်း‌ ကျောင်းအုပ် ဦးသာဝ ထံက သိရသည်။

           

ရက်ကန်းစက်မောင်းနဲ့ စက်ပြင်သင်တန်းကို နှစ်လကြာ ဖွင့်လှစ်သင်ကြားပေးနေတာ ဖြစ်ပါတယ်။ သင်တန်းတက်ရောက်နေသူများထဲမှာ မိတ္ထီလာမြို့နယ်အတွင်းက ရက်ကန်းလုပ်ငန်းများမှာ အလုပ်အကိုင် ဝင်ရောက်လုပ်ကိုင်ကြမယ့် သူတွေနဲ့ လက်ရှိလည်း အထည်စက်ရုံများမှာ အလုပ်လုပ်ကိုင်နေတဲ့ သူတွေ ပါဝင်ပါတယ်။ သင်တန်းသား ၄ ဦး နဲ့ သင်တန်းသားသူ ၆ ဦး စုစုပေါင်း ၁ဝ ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကို နိုဝင်ဘာလ ၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ နှစ်လအကြာဖွင့်လှစ် သင်ကြားပေးတာ ဖြစ်ပါတယ်။ သင်တန်းပြီးစီးတဲ့အခါ သင်တန်းတက်ရောက်ပြီးစီးအောင် တက်ရောက်ကြောင်းနဲ့  ရက်ကန်း စက်မောင်းနှင့် စက်ပြင်ပညာကို တတ်မြောက်ကြောင်း အသိအမှတ်ပြု သင်တန်းဆင်းလက်မှတ်ပေးမှာဖြစ်ပါတယ်ဟု အဆိုပါ ရက်ကန်းသင်တန်းကျောင်းအုပ် ဦးသာဝ က ပြောသည်။

      

မိတ္ထီလာမြို့ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းတွင် အသက်မွေးပညာသင်တန်းများကို နှစ်စဉ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး  ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် အမျိုးသမီးငယ်များ တက်ရောက်သင်ကြားနိုင်မည့် အခြေခံစက်ချုပ်သင်တန်းကို တစ်လကြာဖွင့်လှစ်သင်ကြားပေးရန် စီစဉ်ထားကြောင်း သိရသည်။

 

ချမ်းသာ ( မိတ္ထီလာ)