မိတ္ထိလာ  ၁၇    ဇန်နဝါရီ  

 

မိတ္ထီလာမြို့နယ်၌  မိတ္ထီလာတောင်ကန်တော်အတွင်း တည်ရှိသည့် အန္တကူရေလည်ဆုတောင်းပြည့် စေတီတော် ကွန်ကရစ်တံတားကို မေလအတွင်း အပြီးတည်ဆောက်သွားဖြစ်ကြောင်း သိရသည်။

 

“မိတ္ထီလာတောင်ကန်တော်အတွင်း တည်ရှိသည့် အန္တကူရေလည်ဆုတောင်းပြည့် စေတီတော်ကို နေ့စဉ် ဘုရားဖူးများဖြင့် စည်ကားလျက်ရှိပြီး  စေတီတော်သို့ သွားရောက်သည့် တံတားမှာ ဟောင်းနွမ်း ယိမ်းယိုင်နေသဖြင့် တံတားအသစ်တည်ဆောက်၍ လှူဒါန်းလိုသော စိတ်များဖြစ်ပေါ်လာခဲ့သောကြောင့် ကွန်ကကရစ်တံတားနှင့် အာရုံခံတန်ဆောင်း တည်ဆောက်ရန် သဒ္ဓမ္မဝံသာရုံ(နဂါးရုံ)စာသင်တိုက်ကြီး၏ ဦးစီးဗဓာန နာယက ဆရာတော် မဟာဂန္ထဝါစက ပဏ္ဍိတ ဘန္ဒန္တဝံသနှင့် လျှောက်ထားတိုင်ပင်ခဲ့ပြီး ယခုလို ငွေကျပ်သိန်းပေါင်း  ၄၂၀၀ ဖြင့် ကွန်ကရစ်တံတားနှင့် အာရုံခံတန်ဆောင်း တည်ဆောက် သွားမည်ဖြစ်ကြောင်း” အလှူရှင် ဒေါ်အမာတင်က ပြောကြားခဲ့သည်။

 

အဆိုပါ ကွန်ကကရစ်တံတားနှင့် အာရုံခံတန်ဆောင်းကို သဒ္ဓမ္မဝံသာရုံ(နဂါးရုံ)စာသင်တိုက်ကြီး၏ ဦးစီးဗဓာန နာယက မဟာဂန္ထဝါစက ပဏ္ဍိတ ဘန္ဒန္တဝံသ ဦးဆောင်ပြီး မိတ္ထီလာမြို့ နန်းတော်ကုန်းရပ်ကွက် ဦးစိုးမြင့်၊ ဒေါ်အမာတင်မိသားစုတို့မှ ငွေကျပ်သိန်း(၄၂၀၀)ဖြင့် ရန်ကုန်မြို့မှ တံတားတည်ဆောက်ရေးအဖွဲ့မှ တာဝန်ယူပြီး အရှည် (၄၃၅)ပေ၊ အကျယ် ၁၀ ပေ၊ လက်ရန်အမြင့် (၃)ပေခွဲ ၊ အခင်း ထု(၄)လက်မရှိ RC အမျိုးအစား တံတားတစ်စင်းနှင့် တံတားအလယ်တွင် ၁၂ ပေ ပတ်လည် အကျယ်ရှိ နားနေဆောင် တစ်ဆောင်၊ တံတားအဝင်တွင် မုခ်ဦးတစ်ခုနှင့် စေတီတော်အနီး အလျားပေ ၄၀၊ အနံ ပေ ၃၀ ရှိ အာရုံခံတန်းဆောင်း တစ်ဆောင်တို့ တည်ဆောက်ခြင်းကို မေလအတွင်း အပြီးတည် ဆောက်သွားမည် ဖြစ်ကြောင်း သဒ္ဓမ္မဝံသာရုံ(နဂါးရုံ)စာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက မဟာဂန္ထဝါစက ပဏ္ဍိတ ဘန္ဒန္တဝံသ က မိန့်ကြားခဲ့သည်။

သိန်းမြင့်ကျော် (မိတ္ထီလာ)