မိတ္ထီလာ ၂၅ ဒီဇင်ဘာ

 

မိတ္ထီလာတွင် ဟိုတယ်၊ မိုတယ်လုပ်ငန်းများ ပိုမိုတိုးတက်ဖွံ့ဖြိုးလာစေရန် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်မည့် ဝန်ဆောင်မှုပေးခြင်းနှင့် အပန်းဖြေခရီးစဉ်များ ရေးဆွဲရန် လိုအပ်ကြောင်း မြို ့နယ်ဟိုတယ်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဒေါက်တာခင်မောင်မြင့် က ပြောသည်။

 

မိတ္ထီလာမှာရှိတဲ့ ဟိုတယ်၊ မိုတယ်တွေကို ဝင်ရောက်တဲ့ နိုင်ငံခြားခရီးသွားဧည့်သည်က တကူးတက လာရောက်ပြီး တည်းခိုနေထိုင်တာမျိုးက မရှိသလောက်ရှားတယ်။ ပုဂံညောင်ဦး၊ တောင်ကြီး-အင်းလေး၊ နေပြည်တော်၊ မန္တလေး စတဲ့ ဒေသတွေကို သွားလာရင်း ဝင်ရောက် တည်းခိုနေထိုင်တာမျိုးပဲ ရှိတာများတယ်။ မိတ္ထီလာမှာ  နိုင်ငံခြားခရီးသွား ဧည့်သည်တင်မကပဲ ပြည်တွင်း ခရီးသွားဧည့်သည်တွေလည်း ဝင်ရောက် တည်းခိုနေထိုင်လာပြီး  ဟိုတယ် မိုတယ်လုပ်ငန်းတွေ ပိုမို တိုးတက်ဖွံ့ဖြိုးလာစေဖို့ သူတို့ကို ဆွဲဆောင်နိုင်မယ့် ဝန်ဆောင်မှုပေးတာမျိုး၊    အပန်းဖြေခရီးစဉ်တွေ ရေးဆွဲ ဆောင်ရွက်တာမျိုးလုပ်ဖို ့ လိုအပ်တယ်။ 

 

မိတ္ထီလာမြောက်ကန်ထဲမှာ အပျော်ခရီးလိုက်ပါစီးနင်းနိုင်မယ့် ငှက်လှေလေးတွေကို စီစဉ်ပေးတာမျိုး၊ မုန်တိုင်ကျေးရွာမှာရှိတဲ့ ရှေးဟောင်းဘုရားစေတီတွေဘက်ကို ဝင်ရောက်လေ့လာနိုင်အောင်နဲ့  ကူမဲနယ်ဘက်မှာရှိတဲ့ ပြက္ခရွေတောင်တက်ခရီးစဉ် ငယ်လေးတွေကို  စီစဉ်ပေးတာမျိုးတွေ လုပ်နိုင်မယ်ဆိုရင် မိတ္ထီလာကို အခြေစိုက်ပြီး လာရောက်တည်းခိုနေထိုင်မယ့်      ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်တွေလည်း ပိုမိုဝင်ရောက်လာနိုင်မယ် ထင်ပါတယ်။ အဲဒီလို ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာရင်း  မိတ္ထီလာမှာရှိတဲ့ ဟိုတယ် မိုတယ်လုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးတိုးတက်လာသလို ဒေသခံတွေအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုများပြားလာနိုင်ပါတယ်ဟု  မြို့နယ်ဟိုတယ်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဒေါက်တာခင်မောင်မြင့် က ပြောသည်။

 

မိတ္ထီလာတွင်   ပန်းလေပြေ ( ဝန်ဇင်း ) ဟိုတယ်၊ မိတ္ထီလာဟိုတယ်၊ ဟိုတယ် ထီလာ၊    ဟန်းနီးဟိုုတယ် ၊မဂ္ဂင်နန်းမိုတယ်၊ Grand Cosmas မိုတယ်၊ A1 မိုတယ် များအပါအဝင် ဟိုတယ်၊ မိုတယ် နှင့် အဆင့်မြင့်တည်းခိုးခန်းများ စုစုပေါင်း ၃၀ ကျော်ရှိပြီး ယခုအခါ  မိတ္ထီလာကန်အနီးတွင် ဟိုတယ်၊ မိုတယ်   အဆောက်အအုံသစ်များ တိုးချဲ ့ဆောက်လုပ် လျက်ရှိကြောင်း သိရသည်။ 

 

ချမ်းသာ  (မိတ္ထီလာ)