မိတ္ထီလာ ၂ ဧပြီ
မိတ္ထီလာတွင် မဟာသင်္ကြန်ပွဲတော်ကာလ၌ ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်၊ ဖျော်ဖြေရေးမဏ္ဍပ်များ စုစုပေါင်း ၆၀ ခုကျော်ဖြင့် ရေသဘင်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ဗဟိုမဏ္ဍပ်အပါအဝင်၊ ဝန်ဇင်း၊ နန်းတော်ကုန်း၊ ကျီတော်ကုန်း၊ ပြည်သာယာ (မ)၊ ရန်မျိုးအောင်၊ ရတနာမာရ်အောင် ရပ်ကွက်နယ်မြေတွေနဲ့ သီးကုန်း ၂၈၅ မိုင် နေရာတွေမှာ စနစ်တကျတည်ဆောက်ပြီး ကျင်းပမယ့်ရေကစားမဏ္ဍပ်၊ ဖျော်ဖြေရေးမဏ္ဍပ် စုစုပေါင်း ၁၄ ခုနဲ့ရပ်ကွက်ကျေးရွာများအလိုက် ရေကစား မဏ္ဍပ်၊ ဖျော်ဖြေရေးမဏ္ဍပ်ငယ်တွေနဲ့ မဏ္ဍပ်အရေအတွက် စုစုပေါင်း ၆၀ကျော် ရှိမှာဖြစ်ပါတယ်။ ဗဟိုမဏ္ဍပ်ကို ဆောက်လုပ်နေကျ အထက ၁ လမ်းဆုံနဲ့ မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်းအနီးဆောက်လုပ်သွားမှာဖြစ်ပြီး ဧပြီလ ၁၀ ရက်နေ့မှာ ပြီးစီးအောင် ဆောက်လုပ်မှာပါဟု မိတ္ထီလာမြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီ ပြန်ကြားရေးနှင့်သတင်းထုတ်ပြန်ရေးဆပ်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မိတ္ထီလာမြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကာလတွင် သင်္ကြန်ယိမ်းအကပြိုင်ပွဲ၊ မြန်မာ့ရိုးသနပ်ခါးလိမ်းပြိုင်ပွဲ၊ စတုဒီသာကျွေးမွေးလှူဒါန်းပွဲ၊ သက်ကြီးပူဇော်ပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲများကို ဌာနဆိုင်ရာများ၊ ပရဟိတ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများစုပေါင်း၍ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ချမ်းသာ (မိတ္ထီလာ)


