မိတ္ထီလာ ၄ မေ
မိတ္ထီလာတွင် ၂ဝ၂ဝ ပြည့်နှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်းခြောက်သောင်းကျော်ကို မေလမှ စက်တင်ဘာလအတွင်း ပြီးစီးအောင်ထုတ်ချေးမည်ဖြစ်ပြီး ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် လူစုလူဝေးမဖြစ်ရန် အထက(၂)၌ ချေးငွေထုတ်ချေးပေးမည်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်ခရိုင်မန်နေဂျာ ဒေါ်ခင်ဆွေမျိုးတင်ထံက သိရသည်။
"မိတ္ထီလာမှာ ကျေးရွာအုပ်စု ၅၅ အုပ်စု တောင်သူဦးရေ ၁ဝ၃၀၀ ခန့်ကို လယ် ၁၇၂၁၉ ဧက၊ ယာ ၃၉၁၅၃ ဧက အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ ၂၀၂၀ ပြည့်နှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေါင်း ၆၄၉၈၁ ဒသမ ၅၀ သိန်း ထုတ်ချေးပေးသွားမှာဖြစ်ပါတယ်။ စပါး(လယ်)တစ်ဧက တစ်သိန်းခွဲကျပ်၊ ယာသီးနှံတစ်ဧက တစ်သိန်းကျပ်နှုန်းနဲ့ ထုတ်ချေးမှာဖြစ်ပါတယ်။ အရင်နှစ်တွေတုန်းက ယာသီးနှံထဲမှာနှမ်း၊ မြေပဲ၊ ဝါတို့ ပါပေမယ့် ဒီနှစ်ဆီထွက် သီးနှံနေကြောနဲ့ စားဖိုဆောင်သီးနှံ ကြက်သွန်၊ ငရုတ်နဲ့ ပဲအမျိုးမျိုးလည်း ပါဝင်ပါတယ်။
ချေးငွေထုတ်ချေးတဲ့နေရာကို အရင်နှစ်တွေက ဘဏ်မှာပဲ ထုတ်ချေးခဲ့ပေမယ့် ဒီနှစ် ကိုဗစ်-၁၉ ကာကွယ်ရေး အတွက် အထက(၂)နေရာမှာ ပြောင်းရွှေ့ပြီး ငွေထုတ်ကောင်တာ နှစ်ခုဖွင့်လှစ်ထုတ် ချေးပေးသွားမှာ ဖြစ်ပါတယ်"ဟု မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ် ခရိုင်မန်နေဂျာ ဒေါ်ခင်ဆွေမျိုးတင်က ပြော သည်။
အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများကို မကြာမီရက်ပိုင်းအတွင်း ထုတ်ချေးပေးသွားမည်ဖြစ်ပြီး တစ်ရက်လျှင် တောင်သူဦးရေ ၁၀၀ ခန့် ထုတ်ချေးပေးနိုင်ရန် စီစဉ်ထားပြီး လာရောက်ထုတ်ချေးယူသည့် တောင်သူ ၂၀၀ ခန့် ရှိပါက နံနက်တစ်ချိန်၊ မွန်းလွဲချိန်တစ်ချိန် နှစ်ပိုင်းခွဲ၍ အဆင်ပြေစွာ ထုတ်ချေးပေးနိုင်ရန်စီစဉ်ထားကြောင်း သိရသည်။ မိတ္ထီလာမြို့နယ်အတွင်း ၂၀၁၉ ခုနှစ် မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေ ထုတ်ချေးပေးခဲ့သည့် ချေးငွေအားလုံးကို မတ် ၂၆ ရက်က တောင်သူများထံမှ အားလုံးပြန်လည်ကောက်ခံရရှိခဲ့ကြောင်းလည်း မိတ္ထီလာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တာဝန်ရှိသူထံမှ သိရသည်။
ချမ်းသာ(မိတ္ထီလာ)


