မိတ္ထီလာ ၁၂ မတ်
မိတ္ထီလာတွင် ၂၀၁၉ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှုသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွား မည်ဖြစ်ကြောင်း မိတ္ထီလာသင်္ကြန်ပွဲတော် သတင်းထုတ်ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဒေါ်ငုချိုချိုကျော်ထံမှ သိရသည်။
“မိတ္ထီလာမှာ ၂၀၁၉ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် သွားမှာဖြစ်ပါတယ်။ မဟာသင်္ကြန်ပွဲတော် ကျင်းပရေးဦးစီးကော်မတီရဲ့ ဦးဆောင်လမ်းညွှန်မှုနဲ့အတူ ဗဟိုမဏ္ဍပ် ဆောက်လုပ်ရေး ဆပ်ကော်မတီ၊ ရန်ပုံငွေရှာဖွေရေး ဆပ်ကော်မတီ၊ ယိမ်းအကပြိုင်ပွဲများ ကျင်းပရေးဆပ်ကော်တီ၊ အခမ်းအနားပြင်ဆင်ရေး ဆပ်ကော်မတီ၊ ကြိုဆိုနေရာချထားရေး ဆပ်ကော်မတီ၊ ဇီဝိတဒါန ငါးလွှတ်ပွဲဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ လုံခြုံရေးဆပ်ကော်မတီ၊ ပို့ဆောင်ရေး ဆပ်ကော်မတီဆိုပြီး ဆပ်ကော်မတီအသီးသီး ဖွဲ့စည်းထားပြီး မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းဆပ်ကော်မတီအလိုက် စီစဉ်ဆောင်ရွက်နေပါတယ်” ဟု ဒေါ်ငုချိုချိုကျော် က ပြောသည်။
ယခုနှစ် မိတ္ထီလာ မဟာသင်္ကြန်ပွဲတော်တွင် ဗဟိုရေကစားမဏ္ဍပ်အပြင် ရပ်ကွက်/ကျေးရွာများအလိုက် ရေကစားမဏ္ဍပ်များ ဆောက်လုပ်၍ သင်္ကြန်ရေကစားခြင်း၊ သင်္ကြန်ယိမ်းအကများ ယှဉ်ပြိုင်ခြင်း၊ ကပြဖျော် ဖြေခြင်းများကို ပြုလုပ်သွားမည်ဖြစ်ပြီး ယခင်နှစ်က မိတ္ထီလာတွင် ရေကစားမဏ္ဍပ်ပေါင်း ၃၀ ကျော် ဆောက်လုပ်၍ မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ချမ်းသာ(မိတ္ထီလာ)