မိတ္ထီလာတွင် ဝါယာကြိုး အပူလွန်ကဲပြီး မီးလောင်ရာမှ နေအိမ် ၂၀ ခန့် ဆုံးရှုံး

မိတ္ထီလာ ၂၇ ဧပြီ

 

မိတ္ထီလာမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက်၌ ဟင်းချက်ဒယ်အိုးအနီ ပလပ်မဖြုတ်ဘဲထားခဲ့ရာမှ ဝါယာကြိုး အပူလွန်ကဲ၍ ယနေ့နံနက် ၄ နာရီခန့်က နေအိမ်ထရံသို့ ကူးစက်လောင်ကျွမ်းခဲ့ရာမှ  အိမ်ခြေ (၂၀)ခန့်  မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ရန်မျိုးအောင်ရပ်ကွက် အောင်စံပယ်နယ်မြေ (၁)နေ ဦးဇော်ဦး (၃၉)နှစ်၏   နေအိမ်ရှိ ဟင်းချက်ဒယ်အိုးအနီ ပလပ်မဖြုတ်ဘဲထားခဲ့ရာမှ ဝါယာကြိုး အပူလွန်ကဲ၍ ၂၄ ပေ ၁၆ ပေရှိ သွပ်မိုးထရံကာမြေစိုက်အား မီးကူးစက် လောင်ကျွမ်းခဲ့ပြီး အခြားအိမ်များပါ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါမီးလောင်ရာနေရာသို့ မိတ္ထီလာခရိုင် မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းနှင့် သန္ဓေတပ်ဖွဲ့ဝင်(၇၄)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၃၅)ဦး၊  မိတ္ထီလာ၊ သာစည်၊ မလှိုင်၊ ပျော်ဘွယ်၊ ယင်တော်နှင့် သီးကုန်းအမြန်လမ်း မီးသတ်စခန်းများမှ မီးငြိမ်းသတ်ယာဉ်(၁၀)စီး၊ ရေသယ်ယာဉ်(၇)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ အထောက်အကူပြုယာဉ်(၂)စီး စုစုပေါင်း အစီး ၂၀ နှင့်အတူ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များနှင့် ဒေသခံများက  စုပေါင်းငြှိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးမှူးမှ ပြောကြားခဲ့သည်။

 

၎င်း မီးလောင်မှုကြောင့် မီးလောင်ဆုံးရှုံးသွားသည့် အိမ်ခြေ (၂၀)နေမှ  အိမ်ထောင်စု (၁၇)စု လူဦးရေ (၉၇)ဦးအား   ယာယီနေထိုင်နိုင်စေရန် ရန်မျိုးအောင်ရပ်ကွက် အောင်စံပယ်နယ်မြေရှိ သာသနရက္ခိတဓမ္မာရုံတွင် ထားရှိနိုင်ရေး ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအောင်၊ ခရိုင်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်ငုချိုချိုကျော်နှင့် ရန်မျိုးအောင်ရပ်ကွက် အုပ်ချုပ်ရေးမှုးဦးချောတို့မှ စီစဉ်ဆောင်ရွက်လျက်ရှိပြီး၊  မိတ္ထီလာခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများက ကယ်ဆယ်ရေး ပစ္စည်းများ ပေးအပ်ခဲ့သည်။

 

 “မီးက ဘယ်လို စတင်လောင်ကျွမ်းတာဆိုတာ ပြောရခက်တယ်၊  မီးလောင်တာကို စမြင်တာက မီးလောင်တဲ့နေအိမ်ရဲ့ အနောက်ဘက်မှ ဦးအုန်းငွေဆိုသူက မြင်၍  အိမ် မီးလောင်နေကြောင်း အိမ်ရှင်ဖြစ်သူ   မသင်းအား  အော်ပြောနေသဖြင့် ထကြည့်ရာ အိမ်ရှင်ဖြစ်သူ ကိုဇော်ဦး၊ မသင်း နှစ်ဦးစလုံး မရှိဘဲ  နေအိမ် အနောက်ခန်း အတွင်း၌ မီးလောင်နေသဖြင့် မီးသတ်ရန် ရေရှာကြည့်ရာ ရေလည်းမရှိသဖြင့် ပတ်ဝန်းကျင်ကို အကူအညီ တောင်းခံရာ အနီးဝန်းကျင်ရှိ နေအိမ်များမှ အိမ်ရှင်များနှင့် ပရဟိတဆွမ်းချက်အဖွဲ့မှ လာရောက် ဝိုင်းဝန်ငြှိမ်းသတ်သော်လည်း မီးများလာ၍ မိမိနေအိမ်ပါ မီးလောင်သည့် အထဲ ပါဝင်သွားကြောင်း ”မခင်စိုးက ပြောကြားခဲ့သည်။

 

အဆိုပါမီးလောင်မှုကြောင့် အိမ်ရှင်ဦးဇော်ဦးအား အမှတ်(၂)နယ်မြေရဲစခန်းမှ အမှုဖွင့် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)

 

4272019