မိတ္ထီလာ ၁၅ နိုဝင်ဘာ
မိတ္ထီလာမြို့နယ် နဘဲကုန်းကျေးရွာမှ ဒေသခံများစုပေါင်း၍ နဘဲကုန်းချောင်းရေကျော်လမ်း တည်ဆောက်ခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“မိတ္ထီလာမြို့ အနောက်ဘက် မိုင် ၄၀ ကျော် ဝေးကွာသည့် သံဘိုကျေးရွာအုပ်စု နဘဲကုန်းကျေးရွာမှ ထွက်ရှိသည့် ဒေသထွက်ကုန်များ သယ်ယူပို့ဆောင်ခြင်းနှင့် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖြတ်သန်းသွားလာသည့် နဘဲကုန်းချောင်းမှာ မိုးတွင်းကာလ၌ ရွံ့နွံ ထူထပ်သဖြင့် သွားလာရာတွင် အခက်အခဲများ ကြုံတွေ့နေရသဖြင့် နဘဲကုန်း ကျေးရွာမှ ဒေသခံ ကျေးလက်နေပြည်သူများနှင့် Actionaid Myanmar တို့ ပူးပေါင်း၍ အလျား ၁၄၅ ပေ အကျယ် ၁၂ ပေ ထု တစ်ပေခွဲရှိ ကွန်ကရစ်ရေကျော်လမ်းကို နိုဝင်ဘာလ ၄ ရက်နေ့မှ စတင်၍ ကျေးရွာသူကျေးရွာသားများ လုပ်အားဖြင့် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ကွန်ကရစ်ရေကျော်လမ်းတည်ဆောက်ပြီးစီးပါက နဘဲကုန်းကျေးရွာရှိ အိမ်ခြေ ၁၃၀ လူဦးရေ ၁၁၈ ဦးတို့၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် ရာသီမရွေး သွားလာရအဆင်ပြေတော့မည်ဖြစ်ကြောင်း Actionaid Myanmarမှ မနှင်းနှင်းဆွေ က ပြောကြားခဲ့သည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


