မြိတ် ၁၄ စက်တင်ဘာ
တနင်္သာရီတိုင်ဒေသကြီး မြိတ်မြို့ ပြည်သူ့ဆေးရုံ မိခင်နှင့်ကလေးကုသဆောင်တွင် ဆေးကုသမှုခံယူနေသော ဝေဒနာရှင်လူနာ(၅၀)ဦးကို ယနေ့နံနက်(၉)နာရီက မြိတ်တက္ကသိုလ် ပုလဲရာဇာအဆောင်မှ အဆောင်နေကျောင်းသားများ စုဆောင်းငွေများ စုပေါင်းလှူဒါန်းခဲ့ကြသည်။
“ စုပေါင်းငွေလှူဒါန်းရခြင်းမှာ အဆောင်မှာ Dinner လုပ်ဖို့ စုထားတဲ့ ပိုက်ဆံတွေကို Dinner မလုပ်ဘဲ အကျိုးဖြစ်မယ့် ဆေးရုံတက်လူနာများ တစ်စိတ်တဒေသ အထောက်အကူ ဖြစ်စေရေး၊ ပီတိကုသိုလ်ပွားများနိုင်စေရေး ရည်ရွယ်၍ မြိတ်တက္ကသိုလ် ပုလဲရာဇာအဆောင်နေ ကျောင်းသား(၇၀)ဦး၏ စုဆောင်းထားတဲ့ ပိုက်ဆံများဖြင့် လှူဒါန်းခြင်းဖြစ်ပါတယ်”ဟု မြိတ်တက္ကသိုလ် ဓာတုဗေဒဌာန ကထိက ဒေါက်တာနွေရွှမ်းဦး က ပြောသည်။
မိခင်နှင့်ကလေးကုသဆောင်တွင် ဆေးကုသမှုခံယူနေသော ဝေဒနာရှင်လူနာ(၅၀)ဦးအား ပုလဲရာဇာ အဆောင်နေကျောင်းသားများ စုဆောင်းငွေများကို မြိတ်တက္ကသိုလ် ဓာတုဗေဒဌာန ကထိက ဦးဆောင်၍ အဆောင်နေကျောင်းသားများမှ ဝေဒနာရှင်လူနာတစ်ဦးလျှင် နှစ်သောင်းကျပ်စီ စုစုပေါင်း(၁၀)သိန်းကျပ်ကို လှူဒါန်းခဲ့ကြရာ ပြည်သူ့ဆေးရုံမှ ဂုဏ်ပြုမှတ်တမ်းပေအပ်ခဲ့သည်။ ဆေးရုံတက်လူနာများကို အဆောင်နေ ကျောင်းသားများ စုပေါင်းငွေလှူဒါန်းခြင်းသည် (၉)ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ ဆက်)


