မြိတ် ၁၆ ဇူလိုင်  


၂၀၁၈- ၂၀၁၉ ပညာသင်နှစ် မြိတ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင် ၁၅ ရက် ညနေ ၃ နာရီက တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ရေပုန်းနယ်မြေရှိ အဆိုပါ တက္ကသိုလ်မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပခဲ့သည်။


ဗိုလ်လုပွဲအဖြစ်  နှစ်ယောက်တွဲပိုက်ကျော်ခြင်းပြိုင်ပွဲတွင် သင်္ချာအသင်းနှင့် ဓာတုဗေဒအသင်းတို့ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ သင်္ချာအသင်းက နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး သုံးယောက်တွဲ ဗိုလ်လုပွဲတွင် သင်္ချာအသင်းနှင့် ဘူမိဗေဒအသင်းတို့ယှဉ်ပြိုင်ခဲ့ရာ သင်္ချာအသင်းက နှစ်ပွဲပြတ်ဖြင့် အသီးသီး အနိုင်ရရှိခဲ့ကြသည်။ 


ဆက်လက်၍ ဆုချီးမြှင့်ပွဲကိုကျင်းပရာ ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသော အသင်းများအား တစ်ဦးချင်း ဆုများကို ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီဥက္ကဋ္ဌ ဒဿနိကဗေဒဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာ စောလားကပေါ်နှင့် ပါမောက္ခဌာနမှူးများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြ သည်။


ထိုနောက် နှစ်ယောက်တွဲနှင့် သုံးယောက်တွဲပိုက်ကျော်ခြင်းပြိုင်ပွဲတို့တွင် ပထမဆု ရရှိခဲ့သော သင်္ချာအသင်းကို မြိတ်တက္ကသိုလ်အားကစားနှင့် ကာယပညာကော်မတီနာယက ဒုတိယပါမောက္ခချုပ် ဒေါက်တာ ဝင်းဝင်းသန်းက တံခွန်စိုက်ဒိုင်းဆုကိုပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ 


အခမ်းအနားသို့ မြိတ်တက္ကသိုလ် အားကစားနှင့်ကာယပညာကော်မတီ နာယကဒုတိယပါမောက္ခချုပ် ဒေါက်တာ ဝင်းဝင်းသန်း၊ ဘာသာရပ်ပေါင်းစုံမှ ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်
ပြိုင်ပွဲဝင် ပိုက်ကျော်ခြင်း အားကစားသမားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


မြင့်ဦး(မြိတ်)