မြိတ် ဖေဖော်ဝါရီ  ၁၁

 

မြိတ်တက္ကသိုလ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ကျပန်းစကားပြောပြိုင်ပွဲ၊ စကားရည်လုပြိုင်ပွဲ၊ စကားဝိုင်းဆွေးနွေးပွဲနှင့် ဆုချီးမြှင့်ပွဲကို ဖေဖော်ဝါရီ(၁၀)ရက်က တက္ကသိုလ်ဘွဲနှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ရာ ဦးစွာမြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းက ဂုဏ်ပြုအမှာစကားနှင့် ပြိုင်ပွဲများ ကျင်းပရသည့် ရည်ရွယ်ချက်များ ပြောကြားသည်။ 

 

ထိုနောက် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပရာ “ မုန်းပေမယ့်မေ့မရ၊ သူဌေးကြီးတစ်ဦးဖြစ်ခဲ့သော်၊ တက္ကသိုလ်ဆရာတစ်ဦးဖြစ်ခဲ့သော်၊ အနှစ်သက်ဆုံးခရီးစဉ်တစ်ခု၊ အသစ်တွေဘယ်လောက်ကောင်းကောင်း အဟောင်းကိုတော့တလည်လည် ” ခေါင်းစဉ်များထဲမှ ယှဉ်ပြိုင်ကြရမည့် ခေါင်းစဉ်ကို ကျောင်းသား၊ ကျောင်းသူများက  မဲနှိုက်၍ ယှဉ်ပြိုင်ခဲ့ကြသည်။

 

ဆက်လက်၍  ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိကြသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။ ယင်းနောက် စကားရည်လုပြိုင်ပွဲ ဆက်လက်ကျင်းပခဲ့ရာ " အပျိုကြီး လူပျိုကြီးလုပ်တာ ကောင်းတယ်၊ အပျိုကြီး လူပျိုကြီးလုပ်တာ မကောင်းဘူး။  ပညာကငွေထက် အရေးကြီးတယ်၊ ပညာကငွေထက် အရေးမကြီးဘူး။ ခေတ်မီတာ ကောင်းတယ်၊  ခေတ်မီတာ မကောင်းဘူး" စသည့် ခေါင်းစဉ်များအား မဲနှိုက်ကာ ကျရာခေါင်းစဉ်များအလိုက် ကျောင်းသား၊ ကျောင်းသူများက အုပ်စုလိုက် ယှဉ်ပြိုင်ခဲ့ကြသည်။

 

ပြိုင်ပွဲများအပြီးတွင် မြိတ်တက္ကသိုလ်ရှိ တိုင်းရင်းသား ဆရာ၊ ဆရာမများက  “ သွေးချင်းစုံညီ မြိတ်တက္ကသိုလ်ဆီ” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးခဲ့ကြပြီး ကျပန်းစကားပြောပြိုင်ပွဲနှင့် စကားရည်လုပြိုင်ပွဲတို့တွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများနှင့် စကားဝိုင်းဆွေးနွေးပေးကြသည့် ဆရာ၊ ဆရာမများအား  ပါမောက္ခချုပ် ဒေါက်တာ ဝင်းဝင်းသန်းနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

 

ခိုင်ထူး (ပြန်/ဆက်)