၃ မတ်

 

မှို ရဲ့ နူးညံ့ပြီး ချိုတဲ့အရသာက လူကိုစွဲလမ်းစေပါတယ်။ ကောက်ရိုးမှို၊ အပ်မှိုတို့ကို သိပ်ကြိုက်ကြသလို နိုင်ငံခြားဖြစ် မှိုအမျိုးအစားတွေကိုလည်း ဈေးကြီးပေး ဝယ်စားတတ်တာပဲကြည့်။ ဒါတွေအားလုံးက စားလို့ရတဲ့ မှိုအမျိုးအစားတွေမို့ ဘေးကင်းပါတယ်။

 

ဒါပေမယ့် အိမ်နားတဝိုက်မှာ ပေါက်တာဖြစ်ဖြစ်၊ ခရီးသွားရင်းလမ်းမှာတွေ့တာဖြစ်ဖြစ်၊ တောထဲမှာ တွေ့တာဖြစ်ဖြစ် ကိုယ်မသိတဲ့ မှိုအမျိုးအစားတွေကို ရမ်းသမ်းမစားလိုက်ဖို့ အရေးကြီးပါတယ်။ အဆိပ်အတောက်ရှိလို့ မစားသင့်တဲ့ မှိုတွေကို စားလိုက်မိတယ်ဆို ဒုက္ခရောက်ရပါလိမ့်မယ်။

 

ဒါ့ကြောင့် မှိုဟင်းတစ်ခွက်ကလည်း ကိုယ့်အတွက် နောက်ဆုံးထမင်းတစ်နပ် ဖြစ်သွားနိုင်တယ်လို့ ကျန်းမာရေး ပညာရှင်တွေက သတိပေးကြတာပါ။

 

မှို အဆိပ်သင့်တာ ဘယ်လောက်ကြောက်ဖို့ကောင်းသလဲ

 

အဆိပ်အတောက်ရှိတဲ့ မှို ကိုစားမိရင် ဖြစ်လာနိုင်တဲ့အဆိပ်သင့်ခြင်းက အဆင့်သုံးဆင့်ရှိပါတယ်။

 

စားပြီး ၂၄ နာရီအတွင်း ဗိုက်အောင့်ဗိုက်နာတာ၊ မအီမသာဖြစ်တာ၊ ပျို့အန်တာ၊ ဝမ်းပျက်ဝမ်းလျှောတာ စတဲ့ လက္ခဏာတွေ စပြလာမှာက ပထမအဆင့်ပါ။

 

အဲဒီနောက် ခဏငြိမ်သွားတာကို အကုန်သက်သာသွားပြီလို့ မှားယွင်းထင်မှတ်စေတဲ့ အဆင့်ပါ။

 

စားပြီး ၄၈ နာရီလောက်အကြာ နောက်ဆုံးအဆင့်မှာတော့ အသည်းစတင်ပျက်စီးစေပြီး ကိုယ်တွင်းအင်္ဂါများစွာ ပျက်စီးရတာ၊ အသက်ဆုံးရှုံးရတာတွေအထိ ဖြစ်သွားနိုင်ပါတယ်။ အဆိပ်သင့်မှု အတိုင်းအတာဟာ မှိုရဲ့ အဆိပ်ပြင်းထန်မှု၊ စားသုံးလိုက်တဲ့ပမာဏ တို့ကိုလည်း မူတည်ပြီး ကွာခြားနိုင်ပါတယ်။

 

သတိထားရမယ့် နောက်တစ်ချက်က စားနေကျ မှို အမျိုးအစားကိုပဲ ရက်လွန်ပျက်စီးနေတာတွေ စားမိရင် အစာအဆိပ်သင့်ခြင်းဖြစ်စေနိုင်ပါတယ်။

 

ဘယ်လို လက္ခဏာတွေ ဖြစ်လာမှာလဲ

 

မှိုအဆိပ်သင့်တဲ့အခါ အများအားဖြင့် ဖြစ်လာတတ်တဲ့ လက္ခဏာတွေက –

 

ဗိုက်နာ၊ ဗိုက်အောင့်တာ၊ ချွေးစေးတွေပြန်တာ၊ မအီမသာ၊ ပျို့အန်တာ၊ ဝမ်းလျှောတာ၊ အဖျားတက်တာ၊ သတိလစ်မေ့မြောတာ၊ ခေါင်းမူး၊ ခေါင်းကိုက်တာ၊ အမြင်အာရုံဝေဝါးလာတာ၊ အာရုံထင်ယောင်ထင်မှား ဖြစ်တာ၊

 

အသက်ရှူရခက်လာတာ၊ ရေတအားငတ်လာတာ တွေပါဝင်ပါတယ်။

 

အရေးပေါ် ဘယ်လိုကုသရမလဲ

 

မှိုအဆိပ်သင့်မှုအများစုက အသက်အန္တရာယ်အထိ မဖြစ်တတ်ပေမယ့်လည်း ကုသမှုတော့ လိုအပ်ပါတယ်။ ဆိုလိုတာက အိမ်တွင်းကုထုံးတွေနဲ့ ကြိတ်ကုသလို့ မရပါဘူး။ အသည်းကို ထိခိုက်နေပြီ ဆိုတာ ကိုယ်မသိတဲ့အခါ ခဏသက်သာသွားပေမယ့် နောက်ဆက်တွဲပြဿနာတွေ ပိုဆိုးနိုင်ပါတယ်။

 

ဒါ့ကြောင့် နီးစပ်ရာကျန်းမာရေးဌာနကို အမြန်ဆုံးသွားရောက်ကုသရမှာပါ။ ရုတ်တရက် အဆိပ်သင့်လက္ခဏာ ဖြစ်လာတဲ့အခါ ကိုယ့်အနေနဲ့ လုပ်နိုင်တာက ရေ ၅ ခွက် သို့မဟုတ် ၆ ခွက်ကို သောက်ပြီး အန်ထုတ်ပစ်ပါ။ လူနာကို ဆေးရုံ၊ ဆေးခန်းကိုသာ အမြန်ဆုံးရောက်အောင် ပို့ပါ။

 

သတိထားကြဖို့

 

မှိုတွေက အရသာရှိတာမှန်ပေမယ့် ဈေးကွက်ထဲ တရားဝင်ရောင်းချတဲ့မှိုတွေက လွဲပြီး အမျိုးအစား မသိတဲ့မှို၊ စားနေကျမဟုတ်တဲ့မှို၊ ဟိုနားဒီနားပေါက်လာတဲ့မှို တွေကို လုံးဝမစားသင့်ပါဘူးနော်။ အစားတလုတ်ကြောင့် အသက်မဆုံးရှုံးရစေဖို့ ဒီဆောင်းပါးနဲ့ သတိပေးလိုက်ပါတယ်။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Written by Yun Sandi Nan Mon

 

ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်