ဘုတလင် ၅ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့တွင် မျိုး၊ မြေဩဇာ၊ ပိုးသတ်ဆေး ထုတ်လုပ်ရောင်းချသူ ပြင်ပ အဖွဲ့အစည်းများအတွက် သင်တန်းကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖွင့်လှစ် ပို့ချပေးခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် မုံရွာခရိုင် စိုက်ပျိုးရေး ဦးစီးဌာနမှ ခရိုင်သီးနှံကာကွယ်ရေး တာဝန်ခံ ဦးကိုလေးတို့က အမှာစကားပြောကြားပြီး မြို့နယ် စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်ချိုချိုမာက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။
သင်တန်းတွင် နည်းပြများဖြစ်သည့် ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်နော်သင်းသင်းအေး၊ ခရိုင်မြေအသုံးချရေး တာဝန်ခံ ဒေါ်မေရီကျော်နှင့် ခရိုင် သီးနှံကာကွယ်ရေးတာဝန်ခံ ဦးကိုလေးတို့က မျိုးစေ့ဥပဒေ၊ မြေဩဇာ ဥပဒေ၊ သဘာဝ မြေဩဇာဥပဒေ၊ ပိုးသတ်ဆေးဥပဒေ၊ သီးနှံအမျိုးအစားအလိုက် သတ်မှတ်ထားသော အလေးချိန်၊ မြေဩဇာ မှတ်ပုံတင်လျှောက်ထားရာတွင် လိုက်နာရမည့်အချက်များ၊ ပိုးသတ်ဆေး သုံးစွဲရာတွင် လိုက်နာရမည့် အချက်များကို သင်ကြားပို့ချပေးခဲ့သည်။
အဆိုပါသင်တန်းကို ဇွန် ၅ ရက်နှင့် ၆ ရက်တွင် တစ်ရက်လျှင် သင်တန်းသား ၃၅ ဦးနှုန်းဖြင့် သင်ကြားပို့ချပေးမည်ဖြစ်ပြီး ယနေ့ သင်တန်းသို့ မြို့နယ်အတွင်းရှိ မျိုး၊ မြေဩဇာ၊ ပိုးသတ်ဆေး ထုတ်လုပ် ရောင်းချသူ လုပ်ငန်းရှင်များနှင့် မြို့နယ် စိုက်ပျိုးရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဖိုးခါး(ပြန်/ဆက်)


