ကာမိုင်း  သြဂုတ်  ၁၄

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၌ သြဂုတ် ၁၃ ရက်နေ့ ညပိုင်းနှင့် ယနေ့နံနက်ပိုင်းတွင် မိုးများ အဆက်မပြတ်ရွာသွန်းမှုကြောင့် ကာမိုင်းမြို့အနီးရှိ အင်းတော်ချောင်းမှာ ရေအနည်းငယ် မြင့်တက်လာသဖြင့် အရှည် ပေ(၃၀၀)ရှိ တံတားကြမ်းခင်းနှင့် (၅)ပေအကွာထိ တက်လာခဲ့ပြီး ချောင်းကမ်းဘေးအနိမ့်ပိုင်းရှိ လူနေအိမ်ခြံဝန်းများအတွင်းသို့ အနက်ပေ(၁)ခန့်၊ အလျား‌ပေ(၁၀၀)ခန့် အထိသို့ ရေများစတင်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါချောင်းရေသည် လူနေအိမ်များအတွင်းသို့ (၆)ပေခန့်အထိ ဆက်လက်ဝင်ရောက်လာပါက ပြည်သူများအနေဖြင့် ရွှေ့ပြောင်းပေးရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

မြို့အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ ရေဘေး၊ သဘာဝဘေးဆိုင်ရာ အသိပေးနှိုးဆော်ခြင်းများနှင့် ယာယီကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများအား မှာကြားဆောင်ရွက်ထားပြီး ယခုအချိန်ထိ ရေဝင်ရောက်မှုမျာ စိုးရိမ်ရသည့်အနေအထားသို့ မရောက်ရှိသေးကြောင်း သိရသည်။

ကာမိုင်း(ပြန်/ဆက်)