ကျွန်းစု ၁၀ သြဂုတ်
ယနေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေတိုက်စားမှုကြောင့် ကတန်ကျွန်းပတ်လမ်းတွင် ကျေးရွာချင်းဆက် တံတား(၃)စင်း ကျိုးကျပျက်စီး၍ တံတားအချို့ ရေကျော်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ကတန်ကျွန်းပတ်လမ်းရှိ ကျေးရွာများတွင် တစ်ရွာနှင့်တစ်ရွာ မော်တော်ယာဉ်များ သွားလာ၍ မရတော့သဖြင့် ခရီးသွားလာမှု ယာယီပြတ်တောက်လျက်ရှိကြောင်း သိရှိရသည်။
မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေတိုက်စားမှုကြောင့် ကျွန်းစုမြို့နယ်၊ ကပကျေးရွာအုပ်စု၊ ကပကျေးရွာ၊ အမှတ်(၃)ရပ်ကွက် (ကတန်ကျွန်းပတ်လမ်း မိုင်တိုင်အမှတ် ၁၂/၁ မိုင်နှင့် ၁၂/၂ မိုင်အကြား) ရှိ အရှည် ၂၇ ပေ၊ အကျယ် ၁၅ ပေရှိ ကျောက်စီခုံ၊ RC ကွန်ကရစ် အမျိုးအစားတံတားမှာ တံတားချဉ်းကပ်လမ်း မြေပြိုကျရာမှတစ်ဆင့် တံတားကျိုးကျပျက်စီးခဲ့သည်။ အလားတူ ကတ္တလူကျေးရွာအုပ်စု၊ ထိန်ချောင်းကျေးရွာ၊ (မိုင်တိုင်အမှတ် ၆၉/၇၀ အကြား) ရှိ မေတ္တာပေါင်းကူးတံတား အမည်ရှိသော အရှည် ၇၅ ပေ၊ အကျယ် ၁၈ ပေရှိ သစ်သားတံတားမှာ ရေတိုက်စားပျက်စီးခဲ့ပြီး ကမ်းကြီးကျေးရွာအုပ်စု၊ ကဘင်းချောင်းကျေးရွာ၌ မိုင်တိုင်အမှတ် (၅၈/၅၉ကြား) တံတားအရှည် ၆၀ ပေ၊ အကျယ် ၁၅ ပေ ရှိသော တံတားလည်း ကျိုးကျပျက်စီးခဲ့ကြောင်း သိရှိသည်။
ကပကျေးရွာအုပ်စု၊ ကတန်ကျေးရွာနှင့် တောင်တွင်းကြီးကျေးရွာနှင့် ကတ္တလူကျေးရွာရှိ တံတားများတွင် တောင်ကျရေများ စီးဆင်းလာပြီး ရေများကျော်ခဲ့ရာ ကျေးရွာအတွင်းမှအပ အခြားရွာသို့ သွားလာမှုမရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ သွားလာမှုအန္တရာယ်ရှိနေသောကြောင့် ထိန်ချောင်းကျေးရွာ၊ အ.လ.က မူလွန်ကျောင်းသည် ခေတ္တပိတ်ထားကြောင်းနှင့် တံတားကျိုးကျပျက်စီးမှုများကြောင့် လူ၊ တိရစ္ဆာန် ထိခိုက်ပျက်စီးမှု မရှိကြောင်း၊ ကျေးရွာသူ၊ ကျေးရွာသားများ သွားရေးလာရေး ခက်ခဲမှုဖြစ်ပေါ်နေပြီး ကတန်ကျွန်းပတ် လမ်းပေါ်ရှိ ကျေးရွာများ သွားလာဆက်သွယ်မှု ပြတ်တောက်နေလျက်ရှိကြောင်း သိရှိရပါသည်။
သတင်းပေးပို့သူ - စည်သူရအောင်(ကျွန်းစု)


