ဖလမ်း  ၆ ဩဂုတ်

 

ဖလမ်းမြို့တွင် ဩဂုတ်လ (၄)ရက်နေ့မှစတင်ပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကလေး-ဖလမ်း -ဟားခါး လမ်းမကြီးပေါ်ရှိ (၁၅၅) ကီလိုမီတာတွင် ရေပြွန်များပျက်စီးပြီး လမ်းမကြီးပေါ်တွင် ရေများစီးဆင်းလျက်ရှိကာ ခရီးသွားပြည်သူများ ပိတ်မိနေကြောင်း သိရသည်။

 

ဩဂုတ်လ (၆) ရက်၊ နံနက် (၁၀) နာရီခန့်အချိန်တွင် ဖလမ်း-ဟားခါးလမ်း ရေပြွန် (၂) ခုနှင့် ဖလမ်း-လေးလက်လမ်းတွင် ရေပြွန်(၂)ခု စုစုပေါင်း ရေပြွန်(၄)ခုပျက်စီးသွားပြီး၊ ရေပြွန်များ ပျက်စီးခြင်းကြောင့် တောင်ပေါ်မှစီးဆင်းလာသည့် တောင်ကျ ချောင်းရေများ လမ်းမကြီးပေါ်သို့ တိုက်ရိုက်ကျဆင်းကာ ကလေး-ဖလမ်း-ဟားခါး ခရီးသည်တင်ယာဉ်များ ဆက်လက်သွားလာ နိုင်ခြင်းမရှိတော့ဘဲ စောင့်ဆိုင်းနေရကြောင်း သိရှိရသည်။

 

အဆိုပါ လမ်းမကြီးပေါ် ရေစီးဆင်းမှုဖြစ်ပွားသည့် နေရာတွင် ခရီးသည်တင် ယာဉ်များနှင့် ခရီးသွားပြည်သူများ သွားလာရေးအဆင်ပြေစေရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက စက်ယန္တရား (၃)စီးဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ဒေသခံတစ်ဦး ဖြစ်သည့် ဉီးထန်သင်ဟုပ်၏ ပြောပြချက်အရ သိရှိရသည်။

 

#MRTV