မြိတ် ၁၁ သြဂုတ်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် သြဂုတ်လ(၁၀)ရက် နံနက်ပိုင်းမှစ၍ မိုးများအဆက်မပြတ် ရွာသွန်းနေမှုကြောင့် ရေကြီး ရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး မြေပြိုမှုများဖြစ်ပွားကာ မြေပြိုမှုများကြောင့် သစ်ပင်များ လဲပြို၍ နေအိမ်များပျက်စီးခဲ့ကာ ကျေးလက်ချောင်းကူး သစ်သားတံတားတစ်စင်း ရေတိုက်စား၍ ပျက်စီးခဲ့ ကြောင်း သိရသည်။
မိုးများအဆက်မပြတ် ရွာသွန်းမှုများကြောင့် မြိတ်မြို့ပေါ်ရှိ အနိမ့်ပိုင်း ရပ်ကွက်အချို့ လမ်းပေါ်တွင် ရေကြီးရေလျှံမှုများဖြစ်ခဲ့ကာ နေအိမ်များသို့ ရေဝင်ရောက်မှုများရှိခဲ့သည်။ မြိတ်တောင်ကျေးရွာအုပ်စု ရပ်ကွက်များတွင် နေအိမ်များသို့ ရေ(၃)ပေခန့် ဝင်ရောက်လာသဖြင့် အိမ်ထောင်စု(၂၆)စုသည် မီးသတ်ဓမ္မာရုံနှင့် အောင်မင်္ဂလာ စာသင်ကျောင်းသို့ ယာယီပြောင်းရွေ့နေထိုင်ခဲ့ကြသည်။ ထို့အတူ ကားလမ်းမကြီးများတွင် လမ်းရေကျွံနေ မှုဖြစ်ပွားရာ နေရာများတွင် ခရီးသွားပြည်သူများ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ပြည်သူများက ကူညီဆောင်ရွက်ခဲ့ကြသည်။
မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအချို့တွင် မိုးများအဆက်မပြတ် ရွာသွန်းမှုများကြောင့် တောင်မြေ များ၊ မြေထိန်းနံရံများ၊ သစ်ပင်များ ကားလမ်းမပေါ် ပြိုကျမှုများရှိခဲ့ရာ ခရီးသွားလာမှုများ ပြတ်တောက်မှုမရှိစေရေးအတွက် တာဝန်ရှိသူများက ရှင်းလင်းဖယ်ရှားခဲ့ကြသည်။ တောင်မြေပြိုကျမှုများတွင် ပြင်းငယ်ကျေးရွာ၌ တောင်မြေများ မြေသားပျော့အိ၍ ပြိုကျမှုကြောင့် နေအိမ်(၅)လုံး၊ မြိတ်တောင်နယ်မြေ ဘုရားကိုင်ရပ်ကွက်တွင် နေအိမ်(၈)လုံး၊ အလယ်ချောင်းကျေးရွာတွင် နေအိမ်(၂)လုံးပျက်စီးခဲ့ပြီး ကဟန်းကျေးရွာအုပ်စု သင်္ကထီးကျေးရွာတွင် လေပြင်းတိုက်၍ သစ်ပင်လဲသဖြင့် နေအိမ်(၃)လုံးပျက်စီးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ သိရသည်။
ပြင်းငယ်ကျေးရွာတွင် ပြိုကျပျက်စီးခဲ့သည့် နေအိမ်နှင့် အန္တရာယ်ရှိသော နေအိမ်(၂၀)လုံးရှိ ပြည်သူများအား တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုနှင့် တာဝန်ရှိသူများ၊ ရှာဖွေ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ စုပေါင်း၍ ကျေးရွာရှိ ရတနာသီရိဘုန်းတော်ကြီးကျောင်းသို့ ယာယီပြောင်းရွေ့နေရာချထားပေးပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ထို့အတူ ဘုရားကိုင်ရပ်ကွက်တွင်လည်း ပြိုကျနေအိမ်များနှင့် အန္တရာယ်ရှိနေအိမ်များမှ ပြည်သူများအား အောင်မြေသုခဘုန်းတော်ကြီးကျောင်းတွင် ယာယီပြောင်းရွေ့နေရာချထားပေးပြီး ပြောင်းရွေ့နေထိုင်သူများအား စားသောက်ရေးကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကာ တောင်မြေများ မြေသားပျော့အိ၍ ပြိုကျမှုဖြစ်နေ၍ ညပိုင်းအချိန်တွင်လည်း တာဝန်ရှိသူများ စောင့်ဆိုင်းကြည့်ရှုလျက်ရှိကြသည်။
မိုးအဆက်မပြတ်ရွာသွန်းပြီး ချောင်းရေစီးသန်မှုကြောင့် ကြေးနန်းတိုင်-နန်းတော်ရာ ကျေးလက်လမ်းပေါ်ရှိ တောင်းရှည် သစ်သားချောင်းကူးတံတားသည် နေ့လယ်(၃)နာရီခန့်တွင် တံတားတိုင်(၄)ခွင် ပြိုကျပျက်စီး ၍ တံတားအလယ်တွင် ပြတ်တောက်ပျက်စီးခဲ့သည်။ ပျက်စီးခဲ့သည့် သစ်သားတံတားအနီး၌ အရှည်(၂၉၅)ပေ အကျယ်(၁၈)ပေရှိ သံကူကွန်ကရစ်တံတားသစ်တစ်စီးကို တံတားဦးစီးဌာနတည်ဆောက်ရေးအဖွဲ့(၃) တံတား အထူးအဖွဲ့(၉)မှ တည်ဆောက်လျက်ရှိသည်။
သြဂုတ်လ(၉)ရက်က မိုးသည်းအဆက်မပြတ်ရွာသွန်း၍ တောင်ကျရေစီးဆင်းမှုကြောင့် ပပြင်ကျေးရွာ မှ ရေမျှောခဲ့သည့် နေအိမ်အိမ်(၂)လုံးအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြန်မာနိုင်ငံကြက်ခြေနီ အသင်းမှ ထောက်ပံ့ပေးသည့် ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများကို တာဝန်ရှိသူများက သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ ထို့အတူ ပပြင်ကျေးရွာနှင့် အလယ်ချောင်းကျေးရွာ ယာယီကယ်ဆယ်ရေးစခန်းရှိ ရေဘေးသင့်ပြည်သူများအား မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ ဆန်၊ ဆီ၊ ရေသန့်နှင့် မာမားခေါက်ဆွဲခြောက်များကို ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )


