ရန်ကုန် ၂၉ နိုဝင်ဘာ

      
ယောက်က္ခမ ချစ်နည်းနှင့် ယောက်က္ခမတွေ တည့်နည်းများကိုပါ ကြည့်ရှုသူ မြင်တွေ့စေရမည့် အချစ်ဟာသ ဇာတ်ကားကောင်းတစ်ကား ဖြစ်သည့်  "သမီးသမက်ခ မည်းခမက်" ရုပ်ရှင်ဇာတ်ကားကို လာမည့် ဒီဇင်ဘာ ၇ ရက်တွင် မြန်မာပြည်အနှံ့ ရုံတင်ပြသမည်ဖြစ်ကြောင်း သိရသည်။ 

 

ယင်းဇာတ်ကားကို လပ်ကီးဆဲဗင်းရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ရိုက်ကူးထားပြီး ဇာတ်လမ်း ညာလက်တော်၊ ဇာတ်ညွှန်း ရာဇဝင်ကိုက ရေးသားထားပြီး ဒါရိုက်တာ ကိုဇော်(အာရုဏ်ဦး)က ပေါကားမဟုတ်သည့် သရုပ်ဆောင်ချက်များနှင့် ဖန်တီးပုံဖော်ရိုက်ကူးထားပြီး ပြေတီဦး၊ မိုးအောင်ရင်၊ ခိုင်သင်းကြည်၊ တက္ကသိုလ်ဂွမ်းပုံ၊ ဗေလုဝ၊ အောင်ခိုင်၊ ဝါဝါအောင်၊ အရိုင်းနှင့် အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားကြသည်။

 

ယခုဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ထားသည့် မိုးအောင်ရင်နှင့်ပတ်သက်ပြီး အနုပညာရှင် များက ယခုလို ပြောကြားခဲ့သည်။ 

 

ပြေတီဦး

 

"ဒီဇာတ်ကားလေးက ပရိတ်သတ်အတွက် ရယ်မောပျော်ရွင်ရမယ့်ဇာတ်ကားလေးပါ။ ပရိတ်သတ်တွေကိုလဲ လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်ပါတယ်။ နောက်ပြီးဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ညီလေး မိုးအောင်ရင်က အရမ်းကိုစိတ်ထားကောင်းတဲ့ သရုပ်ဆောင် တစ်ယောက်ပါ။ သူကလူတွေအားလုံးနဲ့လည်း တည့်အောင်နေနိုင်တယ်။ စိတ်သဘောထားလည်း ကောင်းတယ်။ အရမ်းကိုချစ်စရာကောင်းတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။  သူ့ကို သတိရနေမှာပါ"

 

သရုပ်ဆောင် ခိုင်သင်းကြည်

 

"မခိုင်လေးအနေနဲ့မောင်လေး မိုးအောင်ရင်ကို အနုပညာလောကထဲ မြန်မြန်ပြန်လာ နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။  သူ့ကိုလည်း ကြိုဆိုနေပါတယ်။ သူကတကယ်ကို ရိုးအေးတဲ့ကလေးပါ။ စိတ်ထားလေးလည်းကောင်းတယ်။ ပြန်ထွက်လာရင်လည်း အသက်ငယ်သေးတော့ အနုပညာအလုပ်တွေ ပြန်ပြီးကြိုးစားလုပ်ဆောင်လို့ ရပါသေးတယ်" ဟု ပြောကြားခဲ့သည်။ 

 

ကိုလင်း