ဒီးမော့ဆို  ၁၇   ဇူလိုင်  

ယခုနှစ်တွင် မိုးရွာသွန်းမှုနည်းပါးခြင်းကြောင့် မိုးဗြဲရေလှောင်တမံအတွင်း ရေဝင်ရောက်မှု နည်းပါးကာ မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား ရေလက်စနစ်ဖြင့် အလှည့်ကျ ပေးဝေသွားမည်ဖြစ်ရာ ဆည်ရေသောက် ဧရိယာအတွင်း စိုက်ပျိုးမည့် မိုးစပါးအတွက် စိုက်ပျိုးရေပေးဝေရေးနှင့် မိုးစပါးစိုက်ပျိုးရေးအတွက် ရေအသုံးချသူများအစုအဖွဲ့ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ဇူလိုင် ၁၆ ရက် မွန်းလွဲ ၂ နာရီက ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

ဆွေးနွေးပွဲတွင် ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝေလွင်၊  ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဌေးဌေးစိန်၊ ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းလှအောင်နှင့် ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းထွေးတို့က မိုးဗြဲရေလှောင်တမံ၏ ရေအခြေအနေ၊ လက်ရှိမိုးစပါး စိုက်ပျိုးရေပေးဝေနေသည့် အခြေအနေနှင့် ဆက်လက်ရေပေးဝေမည့် အခြေအနေများ၊ မိုးစပါး စိုက်ပျိုးရေးနှင့် ပတ်သက်သော အကြောင်းအရာများ၊ လယ်ယာမြေကဏ္ဍနှင့် ပတ်သက်သော အကြောင်းအရာများ၊ လျှပ်စစ်ရေတင်စနစ်ဖြင့် မိုးစပါးစိုက်ပျိုးရေးနှင့် ပတ်သက်သော အကြောင်းအရာများကို ရှင်းလင်းဆွေးနွေး ပြောကြားကြပြီး တက်ရောက်လာကြသော ရေအသုံးချသူများ အစုအဖွဲ့ တောင်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။

 

ဒီးမော့ဆိုမြို့နယ်တွင် လယ်မြေဧက ၇၀၀၀ ခန့်က မိုးဗြဲဆည်မှ ပေးဝေသောရေဖြင့် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး ဆည်မှ နွေစပါးအတွက် ဆည်ရေပေးဝေခဲ့ပြီးဖြစ်ကြောင်း၊  မိုးစပါးအတွက် ဆည်ရေဆက်လက်ပေဝေးရန်ရှိပြီး လက်ရှိအချိန်တွင် ဆည်အတွင်း ရေပမာဏ အလွန်နည်းပါးနေပြီး နှစ် ၂၀ အတွင်း အနည်းဆုံး အခြေအနေသို့ ရောက်ရှိနေကြောင်း၊ ဒါ့ကြောင့် မိုးဗြဲဆည်၏ လက်ဝဲမြောင်း၊ လယ်ယာမြောင်းများတွင် ရေပေးနိုင်သည့် ရေပမာဏ နည်းပါးနေပြီး မိုးစပါးစိုက်ပျိုးသော တောင်သူများအား အလှည့်ကျ စနစ်ဖြင့် ရေပေးဝေသွားမည်ဖြစ်ကြောင်း ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝေလွင် ထံမှ သိရသည်။

ရီရယ်(ဒီးမော့ဆို)