နေပြည်တော် နိုဝင်ဘာ ၁၄

မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများအား အသုံးပြု၍ ငွေကြေးလိမ်လည်မှု ဖြစ်စဉ် (Fraud Case) များဖြစ်ပွားနေမှုနှင့်ပတ်သက်၍ ကာကွယ်နိုင်ရန်မိုဘိုင်း ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ ကြီးကြပ်မှုကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် ဒုတိယဥက္ကဋ္ဌများ၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှု လုပ်ငန်းများကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များ ဖြစ်သည့် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မှုခင်းရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ရေးရာ ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ ရိုးမဘဏ်၊ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ ဧရာဝတီတောင်သူ လယ်သမားများဖွံ့ဖြိုးရေးဘဏ်တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ကကော်မတီ၏ ဦးဆောင်မှုဖြင့်  ဒစ်ဂျစ်တယ် ငွေပေးချေမှုအပေါ် ယုံကြည်မှု မပျက်ပြားစေရေးအတွက် ငွေကြေးလိမ်လည် မှုများ နှင့်ပတ်သက်၍ အသိပညာပေး အစီအစဉ်များ ဆောင်ရွက်လျက်ရှိကြောင်း၊ နည်းပညာ အားကောင်းလာသည်နှင့်အမျှ နည်းပညာအသုံးပြု၍ လိမ်လည်မှုပုံစံများသည် OTP၊ SMS များကို   Hack ၍ Application အတုများ၊ Link အတုများ ပေါ်ပေါက်လာပြီး Payment Link များနှင့် ချိတ်ဆက်ဆောင်ရွက်၍ ငွေကြေး လိမ်လည် မှုများဖြစ်ပွားလျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် ဖြစ်ပေါ်ခဲ့သည့် လိမ်လည်မှု ဖြစ်စဉ်များအားသုံးသပ်ပြီး ကြပ်မတ်ထိန်း ကျောင်းနိုင်ရေးအတွက် မူဝါဒများ ချမှတ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဘဏ်များက ၎င်းတို့ကြုံတွေ့ရသော ငွေကြေးလိမ်လည်မှုဖြစ်စဉ်များ စိစစ်တွေ့ရှိချက်နှင့် တွေ့ကြုံနေရသည့်အခက်အခဲများကို တင်ပြကြရာ တင်ပြချက်များအပေါ် ကော်မတီအဖွဲ့ဝင်များက လုံခြုံမှု ကျိုးပေါက်နိုင်သည့်အချက်များ၊ အသိပညာပေးမှု အစီအစဉ်များ တိုးမြှင့်ဆောင်ရွက်သွားနိုင်ရေး၊ ငွေရေးကြေးရေးကဏ္ဍနှင့် ဆက်စပ်ဆောင်ရွက် လျက်ရှိ သည့် မိုဘိုင်းကွန်ရက် ဝန်ဆောင်မှုပေးသူများ (Mobile Network Operators)နှင့် FinTech Service ဝန်ဆောင်မှု ပေးသူများအနေဖြင့် ငွေကြေးလိမ်လည်မှုများကို ကာကွယ်ဖော်ထုတ်နိုင်ရေး၊ ငွေကြေးဆုံးရှုံးမှုများကို ကာကွယ်နိုင်ရေးနှင့်စပ်လျဉ်း၍ အကြံပြု ဆွေးနွေးကြသည်။

ယင်းနောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက လိမ်လည်မှုဖြစ်စဉ်များတွင် အဆင့်မြင့်နည်း ပညာအသုံးပြုလာကြသည်ကို တွေ့ရှိရသဖြင့် မူဝါဒပိုင်းဆိုင်ရာနှင့် ကြီးကြပ်ကွပ်ကဲမှုပိုင်းဆိုင်ရာ ကိစ္စရပ် များကို ပူးပေါင်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ မိုဘိုင်းငွေကြေး ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများအနေဖြင့် လက်ရှိလုံခြုံရေးစနစ်များအား ပြန်လည်စိစစ်သုံးသပ်ပြီး အဆင့်မြှင့်တင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရှိရသည်။

သတင်းစဉ်