မိုဘိုင်းဖုန်းအသစ်နှင့် ဖုန်းပြင်ဆင်ရန် ပစ္စည်းဝယ်ခြင်းများအပေါ် တန်ဖိုး၏ ၂၁ ပုံ တစ်ပုံအား ကုန်သွယ်ခွန်ပေးဆောင်ရမည်

မကွေး ၂၄  သြဂုတ် 

 

မိုဘိုင်းဖုန်းသုံးစွဲသူများသည် ဖုန်းအသစ်ဝယ်ယူခြင်းနှင့် ဆားဗစ်ဆိုင်များတွင် ပြင်ဆင်သည့်အခါ လိုအပ်သည့်ပစ္စည်း ဝယ်ယူခြင်းများအပေါ်ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ ကုန်သွယ်ခွန်ပေးဆောင်ရမည်ဖြစ်ပြီး ကုန်သွယ်ခွန်ပမာဏမှာ ပစ္စည်းတန်ဖိုး၏ ၂၁ ပုံ တစ်ပုံဖြစ်ကြောင်းမြန်မာနိုင်ငံ မိုဘိုင်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။


“ကျွန်တော်တို့နိုင်ငံမှာတော့ ကုန်သွယ်ခွန်၊ အခြားနိုင်ငံတွေမှာကတော့ VAT ( Value Added Test ) ပေါ့။ဒီအခွန်ကို ကုန်သွယ်မှုလုပ်တဲ့သူတွေကပေးဆောင်ရတာ မဟုတ်ပါဘူး။ သွယ်ဝိုက်ခွန် တစ်ခုအနေနဲ့သွားတာ ဖြစ်တဲ့အတွက်နောက်ဆုံးသုံးစွဲတဲ့သူက ပေးဆောင်ရတာဖြစ်ပါတယ်။ တစ်သိန်းတန်ပစ္စည်းတစ်ခုကို ဝယ်တယ်ဆိုရင် တစ်သိန်းရဲ့၂၁ ပုံ တစ်ပုံကို ကုန်သွယ်ခွန်ဆိုပြီးပေးဆောင်ရပါတယ်” ဟု မြန်မာနိုင်ငံမိုဘိုင်းလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ (မူဝါဒရေးရာကော်မတီဥက္ကဋ္ဌ)ဦးအောင်ကိုကိုညီက ရှင်းပြသည်။

 

ကုန်သွယ်ခွန်ကောက်ခံမှုကို ၂၀၁၄ ခုနှစ်တွင် စားသောက်ဆိုင်များ၊ ၂၀၁၇ခုနှစ်တွင် ရွှေဆိုင်များ၌ စတင်ကျင့်သုံးခဲ့ပြီး မိုဘိုင်းဖုန်းဆိုင်များ၌ ၂၀၁၉ ခုနှစ်တွင်စတင်ကျင့်သုံးရာ ဇူလိုင်လတစ်လတည်း၌ နိုင်ငံတော်အတွက် မိုဘိုင်းဖုန်းကုန်သွယ်ခွန် $ကျပ်သိန်းပေါင်း နှစ်သိန်းသုံးသောင်းကျော် ကောက်ခံရရှိခဲ့ကြောင်း ပြည်တွင်းအခွန်ဦးစီးဌာနမှသိရသည်။

 

“မိုဘိုင်းဖုန်း အရောင်းဆိုင်တွေအတွက်ကတော့ ကုန်သွယ်ခွန်ကပ်တာအဆင်ပြေတယ်။ ဆားဗစ်ဆိုင်တွေကျတော့ အပိုပစ္စည်းဆိုလည်း တစ်နိုင်တစ်ပိုင်လေး ဝယ်သုံးတာဖြစ်တဲ့အတွက်ဝန်ဆောင်ခအပေါ်မှာ ထောင်ဂဏန်း၊သောင်း ဂဏန်းလောက် ပစ္စည်းလေးကို ကုန်သွယ်ခွန်ဆောင်ရတာ အဆင်မပြေဘူးလို့ သိရတယ်”ဟု မိုဘိုင်းဖုန်းဆိုင်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးထွန်းထွန်းနိုင်က ပြောသည်။

 

၂၀၁၈-၂၀၁၉ ခုနှစ် ပြည်ထောင်စု၏အခွန်ကောက်ဥပဒေ၌ ကုန်စည်များကိုပြည်တွင်း၌ ထုတ်လုပ်ရောင်းချခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့အတွက် ဘဏ္ဍာနှစ် တစ်နှစ်အတွင်း ရငွေကျပ်သိန်း ၅၀ဝ ထက်မပိုလျှင် ကုန်သွယ်လုပ်ငန်းခွန်စည်းကြပ်ခြင်းမပြုရဟု ဖော်ပြပါရှိသည်။

 

ဖုန်းဆိုင်များ၌ အခွန်တံဆိပ်ခေါင်းမကပ်ဘဲရောင်းချပါက သက်ဆိုင်ရာမြို့နယ်များရှိ ပြည်တွင်းအခွန်များဦးစီးဌာနသို့ တိုင်ကြားနိုင်ပြီး ပထမအကြိမ်ငွေကျပ်နှစ်သိန်း၊ ဒုတိယအကြိမ် ငွေကျပ်ငါးသိန်း၊ တတိယအကြိမ် ငွေကျပ် ခုနစ်သိန်း ဒဏ်ငွေရိုက်သွားမည်ဖြစ်ကြောင်း၊တတိယအကြိမ်ကျော်လျှင် တစ်ကြိမ်ကျော်တိုင်း ငွေကျပ် ၁၀သိန်း ဒဏ်ရိုက္မည်ဖြစ်ပြီး တိုင်ကြားသူကို ဒဏ်ငွေ၏၁၀ ရာခိုင်နှုန်း ချီးမြှင့်ပေးသွား မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှသိရသည်။


မြန်မာနိုင်ငံ မိုဘိုင်းလုပ်ငန်းရှင်များအသင်း(မကွေးတိုင်းဒေသကြီး)၏ အခွန်ဆိုင်ရာ အသိပညာပေးပွဲနှင့် သင်းလုံးကျွတ် အစည်းအဝေးပွဲတစ်ခုကို သြဂုတ်၂၀ ရက်က မကွေးမြို့ မြို့တော်ခန်းမ၌ပြုလုပ်ခဲ့ပြီး တက်ရောက်လာသည့်ဖုန်းဆိုင်လုပ်ငန်းရှင်များ၊ ဆားဗစ်လုပ်ငန်းလုပ်ကိုင်သူများက မရှင်းလင်းသည်များကို မေးမြန်းခဲ့ကြောင်း၊ မြို့နယ်အခွန်ဦးစီးမှူးက အခွန်ဆိုင်ရာအရေးယူမှုတွင် ရောင်းချသည့်ဆိုင်များနှင့်နားလည်မှုယူထားပါက မည်သို့ဆောင်ရွက်မည်ကို တိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာ အောင်မိုးညိုကိုယ်တိုင်မေးမြန်းခဲ့ပြီး အခွန်ဆိုင်ရာတာဝန်ရှိသူက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။


ဇေယျတု (မကွေး)