မုံရွာ ၂၂ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဒေါနခြံရပ်ကွက်ရှိ Glorious Hotel အစည်းအဝေးခန်းတွင် တိုင်းဒေသကြီးအတွင်းရှိ မိုဘိုင်းဖုန်းအသင်းဝင်များနှင့် မိုဘိုင်းဖုန်းအရောင်းဆိုင်များအား အခွန်ပညာပေးဟောပြောပွဲကို ဇူလိုင် ၂၂ ရက် နံနက် ၁၀ နာရီက ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦး တက်ရောက်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
မိုဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်းအရောင်းဆိုင်များ၌ မိုဘိုင်းဟန်းဆက်နှင့် ဆက်စပ်ပစ္စည်းများအပေါ် အခွန်တံဆိပ်ကပ်နှိပ်ရောင်းချခြင်းနှင့် ဝန်ဆောင်မှုဆောင်ရွက်ခြင်းတို့အပေါ် အခွန်တံဆိပ်ကပ်နှိပ် ရောင်းချခြင်းတို့နှင့်ပတ်သက်ပြီး လုပ်ငန်းရှင်အခွန်ထမ်းပြည်သူများကို ရှင်းလင်းပြောကြားခြင်း ဖြစ်ကြောင်း သိရသည်။
“ဝယ်ယူသူတွေကို အခွန်တံဆိပ်တွေ ကပ်နှိပ်ထားတယ်ဆိုတာကို ရှင်းပြပေးနေရတယ်၊ ပစ္စည်းတင်သွင်းသူတွေနဲ့လည်း တင်သွင်းစဉ်ကတည်းက အခွန်အခတွေကို တစ်ခါတည်း ဈေးပေါ်မှာတင်ပြီးတော့ ကပ်ပေးထားတယ်၊ ဒီနောက်ပိုင်းမှာတော့ သိပ်ပြီးတော့ ပြသနာမရှိတော့ဘူး၊ တင်သွင်းစဉ်ကတည်းက အခွန်တံဆိပ်ကို ကပ်နှိပ်ပြီသားဖြစ်တဲ့အတွက် ဈေးနှုန်းကလည်း တစ်ပြေးညီအားလုံးဖြစ်သွားတယ်၊ အသေအချာနားလည်အောင်လည်း ရှင်းပြရတယ်၊ အဲဒီလိုရှင်းပြပေမဲ့ သူတို့က မဝယ်ခဲ့ဘူးဆိုရင်လည်း ကျွန်တော်တို့အနေနဲ့က နစ်နာမှုတော့ရှိတာပေါ့” ဟု အခွန်ပညာပေး ဟောပြောပွဲသို့ တက်ရောက်လာသူ မုံရွာမြို့၊ ကျောက္ကာလမ်းရှိ မိုဘိုင်းဝမ်း ဖုန်းအရောင်းဆိုင်ပိုင်ရှင် ကိုနေလင်းအောင်က ပြောသည်။
အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မျိုးထိုက်က မိုဘိုင်းဟန်းဆက်နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချခြင်းနှင့် ဝန်ဆောင်မှုဆောင်ရွက် ပေးခြင်းတို့နှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားရာ ရှင်းလင်းပွဲသို့ တက်ရောက်လာသည့် လုပ်ငန်းရှင်များ၏ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။
မိုဘိုင်းဖုန်းအသင်းဝင်များနှင့် မိုဘိုင်းဖုန်းအရောင်းဆိုင်များအား အခွန်ပညာပေးဟောပြောပွဲသို့ မိုဘိုင်းဖုန်းအသင်းဝင်များနှင့် မိုဘိုင်းဖုန်းအရောင်းဆိုင်များမှ လုပ်ငန်းရှင် (၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


