ရန်ကုန်    ၁၂    စက်တင်ဘာ 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ဧရာဝတီဘဏ် ၊ KBZPay ၊  CB Bank ( CB Pay ) တို့ပူးပေါင်းပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ၏ အခွန်အခများကို ရန်ကုန်မြို့တော်ဘဏ် ( YCB Payment Gateway )  အသုံးပြု၍ မိုဘိုင်းဖုန်းများဖြင့် ကောက်ခံခြင်း၊ ပေးသွင်းခြင်း လုပ်ငန်းစနစ် စတင်ဆောင်ရွက်ခြင်း အခမ်းအနားကို  မြို့တော်ခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်အမှာစကား ပြောကြားရာ “ မြို့တော်သူမြို့တော်သား အားလုံးဟာသူတို့ရဲ့ လူမှု ဘဝတွေရဲ့ ဝန်ဆောင်မှုတွေကို ဆောင်ရွက်နိုင်ဖို့ မြို့တော်စည်ပင်သာယာနဲ့ ဆက်စပ်ဆောင်ရွက်နေရပြီး ထိုသို့ဆက်စပ်ဆောင်ရွက်ရတဲ့ နယ်ပယ်အားလုံးတွင်လည်း အခွန်ပေးဆောင်မှု တွေရှိနေပါတယ်။ ဒါကြောင့် ပြည်သူတွေ အခွန်ပေးဆောင်ရတဲ့ နေရာမှာဝန်ဆောင်မှု ကောင်းကောင်းနဲ့ လွယ်လွယ်ကူကူ ပေးဆောင်လို့ရအောင် မြို့တော်စည်ပင်သာယာဘက်နေ payment စနစ်တစ်ခုကို ယနေ့စတင်ဖို့အတွက် ဆောင်ရွက်လိုက်ပြီ ဖြစ်ပါကြောင်း နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ မြို့တော်ဘဏ်နှင့် မိတ်ဖက်ဘဏ်များဖြစ်သော ကမ္ဘောဇဘဏ်၊ ဧရာဘဏ်၊ CB ဘဏ်တို့နှင့် ချိတ်တွဲ၍ အခွန်များပေးဆောင်ရာတွင် ပြည်သူများအတွက် အကောင်းဆုံး ဝန်ဆောင်မှုတစ်ခု ပေးနိုင်ရန် Mobile banking ဖြင့် စတင်တော့မှာဖြစ်ကြောင်း၊ ထိုသိုဆောင်ရွက်ခြင်းသည် ဝန်ဆောင်မှုကောင်းတစ်ရပ် ဖြစ်နိုင်သလို တစ်ဖက်တွင်လည်း အဂတိမှုများ ကင်းရှင်းသွားမှာ ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။
ထို့နောက် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက အမှာစကားပြောကြားခဲ့ပြီး AYE Bank ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးမြင့်ဇော်၊ KBZ Pay ၏ Head of Agent Banking ဖြစ်သူ ဦးစိုးကိုကို၊ CB Bank ၏ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်နော်အဲဖောနှင့် ရန်ကုန်မြို့တော်ဘဏ် လီမိတက်ဥက္ကဋ္ဌ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးတို့က လုပ်ငန်းစနစ်အကြောင်းရှင်းလင်းတင်ပြခဲ့သည်။
ယခုအခါ KBZ ၊ CB ၊ AYA စသည့်ဘဏ်သုံးခုနှင့် ရန်ကုန်မြို့တော်ဘဏ်တို့ YCB Payment Gateway ကိုအသုံးပြုပြီး ချိတ်ဆက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ နောင်တွင် အစိုးရဌာနဆိုင်ရာများ၊ အခြားဘဏ်များ၊ ဈေးများ၊ စတိုးဆိုင်များနှင့်လည်း ချိတ်ဆက်ဆောင်ရွက်သွားပြီး အဆိုပါPayment စနစ် အောင်မြင်ပါက ပြည်သူများအတွက် ဝန်ဆောင်မှု အပြည့်ပေးနိုင်ရန် Application များ ထပ်မံဆောင်ရွက်သွားရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် စီမံဆောက်ရွက်လျက်ရှိကြောင်း သိရသည်။
ဆန်းကျော်ဦး ( ပြန် / ဆက်)

mdn