မြင်းခြံ ၂ နိုဝင်ဘာ
မန္တလေးတိုင်းဒေသကြီး ၊ မြင်းခြံမြို့ ၊မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် မိုဘိုင်းဖုန်းများတွင် ယူနီကုတ်စနစ်အသုံးပြုနိုင်ရေး ဆွေးနွေးပွဲနှင့် ယူနီကုတ်ကီးဘုတ်(အခမဲ့) ထည့်သွင်းပေးခြင်းများ ပြုလုပ်ပေးခြင်းကို နိုဝင်ဘာလ (၂)ရက် ၊ နံနက် (၉)နာရီအချိန်က စတင်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ မိုဘိုင်းဖုန်းများတွင် ယူနီကုတ်စနစ် အသုံးပြုနိုင်ရေးဆွေးနွေးပွဲနှင့် ယူနီကုတ် ကီးဘုတ်(အခမဲ့) ထည့်သွင်းပေးခြင်းများ ပြုလုပ်ပေးခြင်းကို ၊ မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် မြင်းခြံမြို့မှကွန်ပျုတာပညာရှင်များ ၊ မိုဘိုင်းဖုန်းပြုပြင်ရေး လုပ်ငန်းဆောင်ရွက်နေသူ ပညာရှင်များပူး ပေါင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။ မိုဘိုင်းဖုန်းများတွင် ယူနီကုတ်စနစ် အသုံးပြုနိုင်ရေးဆွေးနွေးပွဲတွင် ၊ မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်နန်းမြင့်က ယူနီကုတ်သုံးစွဲမှုနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့ပြီး ၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မန်နေဂျာဒေါ်ငြိမ်းငြိမ်းက ယူနီကုတ် စတင်သုံးစွဲလာသည့် သမိုင်းကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ ကွန်ပျုတာပညာ ရှင်ဦးဖြိုးဝေလင်း(MCC)မှ ယူနီကုတ်သုံးစွဲ၍ ဘာသာပေါင်းများစွာကို မြန်မာဘာသာသို့ပြန်ဆိုပုံများ အကြောင်းနှင့်မိမိတို့သိရှိလိုသည်များကို Website များတွင် ယူနီကုတ်စနစ်ကို အသုံးပြုရှာဖွေပါက လွယ်ကူလျင်မြန်စွာဖြင့်တွေ့ရှိကာ အသုံးပြုနိုင်ကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ ကြသည်။ ဆက်လက်၍ ယူနီကုတ်ကီးဘုတ်ထည့်သွင်းပေးခြင်း ၊ အသုံးပြုပုံများ ပြသပေးခြင်းတို့ကို မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများ ၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှဝန်ထမ်းများနှင့် မြင်းခြံမြို့မှ ကွန်ပျုတာပညာရှင်များ ၊ မိုဘိုင်းဖုန်းပြုပြင်ရေးလုပ်ငန်း ဆောင်ရွက်နေသူ ပညာရှင်များမှ (အခမဲ့) ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရှိရသည်။
အဆိုပါ မိုဘိုင်းဖုန်းများတွင် ယူနီကုတ်စနစ်အသုံးပြုနိုင်ရေး ဆွေးနွေးပွဲနှင့် ယူနီကုတ် ကီးဘုတ်(အခမဲ့) ထည့်သွင်းပေးခြင်းများ ပြုလုပ်ပေးခြင်း ပြုလုပ်ရာသို့ မြင်းခြံမြို့ပေါ်နေပြည်သူများ ၊ ကျေးရွာများမှ ပြည်သူများ လာရောက်ဆောင်ရွက်နေလျှက်ရှိကြောင်း သိရှိရသည်။
ဇော်မင်းနိုင်(မြင်းခြံ)


