စံလွင်(ငါးဦးစီး)
ခုလို မိုးကျစအချိန် နေတစ်ပြိုက် မိုးတစ်ပြိုက်ဖြစ်ပြီး ပူအိုက်စွတ်စိုချိန်တွေဟာ မှိုတွေပွင့်လို့ အကောင်းဆုံးရာသီပါ။ ရန်ကုန်မှာ အထင်ကရတွေ့ရတတ်တဲ့ မှိုဈေးတန်းကြီးတစ်ခုက ရန်ကုန် ပြည်လမ်းမကြီးနံဘေး လှော်ကားရေလှောင်ကန်ရှိတဲ့ တောအုပ်ကြီးရှေ့က ဈေးတန်းပါ။ အလားတူပါပဲ နေရာဒေသအသီးသီးမှာ မှိုရာသီရောက်ရင် ကားလမ်းနံဘေးတွေမှာ မှိုတွေကိုတွဲပြီး ရောင်းချနေတဲ့ မှိုဈေးတန်းတွေကို အနှံ့အပြားမှာ တွေ့ရလေ့ရှိပါတယ်
သံသေဒဇ
မှိုနဲ့ပတ်သက်ပြီး ယောမြို့စားအတွင်းဝန် ဦးဘိုးလှိုင် ပြုစုတဲ့ ဥတုဘောဇနသင်္ဂဟကျမ်းမှာ ဖော်ပြထားတာက မြေဥ၊ အင်ဥ၊ မှိုဥအစရှိသော မှိုမျိုးတို့ကို သံသေဒဇဟူ၍ လည်းကောင်း၊ ဘူမိဆန္ဒဟူ၍လည်းကောင်း၊ သီလိဆန္ဒကဟူ၍ လည်းကောင်း ခေါ်ကုန်၏။ ထိုမှိုမျိုးတို့သည် ကျိချွဲကုန်၏။ ကြေခကုန်၏။ ချိုဆိမ့်ကုန်၏။ အော့အန်ခြင်း၊ ဝမ်းသွန်၊ ဝမ်းပျက်၊ အဖျား၊ သလိပ်နာတို့ကို ဖြစ်စေတတ်ကုန်၏။ ထိုဝတ္ထုမျိုးတို့တွင် စင်ကြယ်သောတွင်း၊ တောင်ပို့၊ သစ်၊ ဝါး၊ တုံးတို့၌ဖြစ်သော ဝတ္ထုမျိုးတို့သည် အပြစ်နည်းကုန်၏။ ထိုမှတစ်ပါးသောအရပ်၌ ဝတ္ထုမျိုးတို့သည် အပြစ်များကုန်၏ဟူ၍ ဖတ်ရှုရပါတယ်။
မှိုအန္တရာယ်
မြန်မာပြည်အတွင်း ပုံမှန်မဟုတ်တဲ့ ဖြစ်စဉ်တွေကြောင့် လူသားတွေအသက်သေဆုံးကြရတဲ့ ဖြစ်ရပ်တွေထဲမှာ မိကျောင်းဆွဲလို့၊ တောရိုင်းဆင်နင်းလို့၊ ငါးပူတင်းစားမိလို့ သေဆုံးကြတဲ့သတင်းတွေအပြင် မစားကောင်းတဲ့ အဆိပ်သင့် မှိုတွေစားမိလို့ လူတွေသေဆုံးကြရတဲ့ သတင်းတွေကို နှစ်စဉ် တိုင်းလိုလို ဖတ်ရှုနေကြရပါတယ်။ ဒါကြောင့် မှိုစားသုံးကြတဲ့ အခါ အန္တရာယ်ကင်းစေဖို့ရာ မိမိမှတ်သားထားတဲ့ မှိုအန္တရာယ် နဲ့ပတ်သက်တဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို ဗဟုသုတ အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။
အဆိပ်အတောက်ရှိ မစားကောင်းသည့် မှိုလက္ခဏာ
- မှိုကိုချိုး၍ လျှာဖြင့်တို့ကြည့်က အလွန်ပူပြီး ငရဲမီးနံ့ထွက်နေက မစားသင့်ပါ။
- မှိုကိုချိုးလိုက်ပါက နွားနို့နှင့်တူသည့် ဖြူပျစ်သော အစေးများ ထွက်လာလျှင် မစားသင့်ပါ။
-မှိုပေါ်တွင် ဆားဖြူးကြည့်က ညို၊ ပြာ၊ နက်အရောင်များဖြစ်ခဲ့သော် မစားသင့်ပါ။
- မှိုရိုးတံကိုခြေကြည့်က ကြေမွသွားသော် မစားသင့်ပါ။
-မှိုတစ်ပွင့်လုံးကို ခြေကြည့်က အနီရောင်အရည်များ ထွက်လာသော် မစားသင့်ပါ။
- မှိုကို ဓားနှင့်ဖြတ်ကြည့်လျှင် ထိုဖြတ်စသည် ညိုပြာသွား သော် မစားသင့်ပါ။
-အဝါရောင်၊ အနီရောင်၊ အပြာရောင် စသည့်တောက်ပြောင် ထင်ရှားသော အရောင်များရှိသည့် မှိုများနှင့် အစက်အပြောက်၊ အဖုအပိမ့်ထနေသောမှိုများကို မစားသင့်ပါ။
-မှိုမျိုးမှုန် (Spore) အစိမ်းရောင် ပန်းရောင်သန်းနေလျှင် မစားသင့်ပါ။
-မှို၌ ခြေချင်းပါနေပါက မစားသင့်ပါ။
-မှောင်မည်းသည့်နေရာ၌ပေါက်သည့် မှိုများကို မစားသင့်ပါ။
-အရွယ်မရောက်သည့် မှိုလုံးကလေးများသည် မှိုအဂါင်္ရပ် အပြည့်အစုံမဖော်ပြသေး၍ မစားသင့်ပါ။
-ပတ်ဝန်းကျင် မသန့်သည့်နေရာ၌ ပေါက်နေသည့်မှိုများကို မစားသင့်ပါ။
-အချို့ မှိုများသည် တစ်ဦးကို အဆိပ်မဖြစ်စေတတ်သော်လည်း အခြားတစ်ဦးကိုမူ အဆိပ်ဖြစ်စေတတ်၍ စားနေကျ မှိုမျိုး မဟုတ်လျှင် လုံးဝမစားခြင်းသည် အကောင်းဆုံးဖြစ်၏။
မှိုဆိပ်သင့်သည့် လက္ခဏာ
အဆိပ်သင့်မှိုစားမိက မှိုဆိပ်သည် အစာအိမ်နှင့် သွေးကြော များအတွင်း ရောက်ရှိသွားပြီး လေး နာရီမှ ခြောက် နာရီအတွင်း အောက်ပါလက္ခဏာများကို ပြတယ်လို့ဆိုပါတယ်။
-ဝမ်းဗိုက်မခံမရပ်နိုင်အောင် အောင့်လာခြင်း၊
-ခေါင်းကိုက်ခြင်း၊
-အန်ခြင်း၊
-ဝမ်းအကြိမ်ကြိမ်သွားခြင်း၊
-ကိုယ်အပူချိန်မြင့်တက်ခြင်း၊
-တစ်ကိုယ်လုံး အဖုအပိမ့်ထွက်ခြင်း။
အရေးပေါ်ကုထုံး
အဆိပ်သင့်မှိုစားမိပြီး အစားများပြန်မအန်လျှင်၊ ဝမ်းများ များမသွားလျှင်၊ သွေးထဲ၌ ပြန့်နေသော အဆိပ်များကို ပြေအောင်မလုပ်နိုင်လျှင် အသက်အန္တရာယ်စိုးရိမ်ရပါသည်။ မှိုဆိပ်သင့်က ဒေသအလိုက်ကုထုံးများ အမျိုးမျိုးရှိကြသည့် အနက် အရေးပေါ်ကုထုံးများမှာ
-လူနာကို အရင်ဆုံး ရေသန့်လေးငါးခွက် ဆက်တိုက် ဆင့်တိုက်ပေးပါ။
-ဓာတ်ဆားရေတိုက်ပေးပါ။
-ဓာတ်ဆားရေမရနိုင်က ရေကျက်အေး လေးခွက်၌သကြား လက်ဖက်ရည်ဇွန်း ရှစ်ဇွန်း၊ ဆားလက်ဖက်ရည် တစ်ဇွန်း ထည့်ဖျော်ပြီး တိုက်ပါ။
-ဒေသအလိုက် အဆိပ်ပြေရွက်များထောင်းထု၍တိုက်ပြီး ပြန်အန်အောင် ပြုလုပ်ပေးပါ။
-အနီးစပ်ဆုံးဆေးခန်း/ဆေးရုံသို့ အမြန်ပို့ပေးရပါမယ်။
အန္တရာယ်ကင်းစွာ မှိုစားသုံးပါ
မှိုရဲ့အရသာကဆိမ့်ပြီး ချိုလှတာမို့ မှိုကိုဟင်းလျာအဖြစ် စားသုံးဖို့ လူကြိုက်များကြပါတယ်။ ကောက်ရိုးမှို၊ တောင်ပို့မှို၊ ဖက်ဆွတ်မှို၊ မြက်ကျားမှို အစရှိတဲ့မှိုမျိုးတွေက မိရိုးဖလာ စားသုံးနေကျမှိုများဖြစ်တာမို့ အန္တရာယ်ကင်းတယ်လို့ဆိုရပါ မယ်။ ဒါ့အပြင် အခုအခါမှာ ကောက်ရိုးမှို၊ ငွေနှင်းမှို၊ ငွေမိုးမှိုနဲ့ ကြွက်နားရွက်မှိုမျိုးတွေကို နည်းပညာအရ တစ်နှစ်ပတ်လုံး စိုက်ပျိုးထုတ်လုပ်လာနိုင်ပြီဖြစ်လို့ အဲဒီစိုက်ပျိုးရေးမှိုတွေကို စိတ်ချစွာ စားသုံးနိုင်ပါတယ်။
အထူးသတိပြုကြရန်မှာ မှိုစားသုံးသည့်အခါ စာထဲ၌ ပါသလို အခြားသူများနှင့်တည့်ပေမယ့် မိမိသွေးသားနှင့် မတည့်သည်မျိုးလည်းရှိနိုင်ပါ၍ စားသုံးနေကျမှိုမျိုးမဟုတ်ခဲ့က အရဲစွန့် စားသုံးကြည့်ဖို့ရာ မသင့်ပါကြောင်း အကြံပြုရေးသား ဖော်ပြလိုက်ရပါတယ်။