နေပြည်တော် ဩဂုတ်၂၆

သက်တမ်းတို အထွက်ကောင်း စပါးမျိုးများ ရွေးချယ်စိုက်ပျိုးနိုင်မှ နောက်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုအတွက် အချိန်လုံလောက်စွာရရှိနိုင်မည်ဖြစ်၍ သီးထပ်စွမ်းအား တိုးတက်ရေး ဆောင်ရွက်ရာတွင် မျိုးစေ့ကဏ္ဍသည် အလွန်အရေးကြီးကြောင်း၊ မျိုးစေ့ ထုတ်လုပ်ငန်းများတွင် တောင်သူများ ကိုယ်တိုင် ပူးပေါင်းပါဝင်မှ ထိရောက်အောင်မြင်နိုင် မည်ဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းက ဒိုက်ဦးမြို့နယ် ဒေသခံတောင်သူများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် က ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက ပဲခူးတိုင်းဒေသကြီးအတွင်း စံပြမျိုးထုတ်ရွာများ တည်ထောင်၍ မိုလ်ဘိုင်း မျိုးစေ့သန့်စင်စက်များ တွင်ကျယ်စွာ အသုံးပြုနိုင်ရေး၊ မြေဆီ လွှာကျန်းမာရေးကို စောင့်ရှောက်နိုင်မည့် စံပြကျေးရွာနှင့် ဒီဂျစ်တယ်နည်းပညာစံပြကျေး ရွာများ ပေါ်ထွန်းလာရေး ဆောင်ရွက်သွားမည်ဖြစ်၍ ဒေသခံတောင်သူများက ဝိုင်းဝန်းပူး ပေါင်း ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ဒေသအလိုက် လယ်ယာကဏ္ဍ ဆိုင်ရာတာ ဝန်ရှိသူများအနေဖြင့်လည်း တောင်သူများဘဝ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လယ်ယာကဏ္ဍ တစ်ခုလုံး သိသာစွာပြောင်းလဲတိုးတက် လာစေရန်စေရေးအတွက် ကျရာကဏ္ဍများက ကြိုးပမ်းအကောင်အထည်ဖော်စွမ်းဆောင်ပေးကြစေလိုကြောင်း ဆွေးနွေးမှာကြားသည်။

ထို့နောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန တာဝန်ရှိသူများက မိဘမျိုးစေ့ပွားများ ခြင်းနှင့် မျိုးစေ့အရည်အသွေးထိန်းသိမ်းခြင်း လုပ်ငန်းများကိုလည်းကောင်း၊ လုပ်ငန်း အလိုက် တာဝန်ရှိသူများက ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးသည်။

အလားတူ ဒုတိယဝန်ကြီးသည် ဝေါမြို့နယ်၊ ကျိုက်လှကျေးရွာရှိ တောင်သူများနှင့် တွေ့ဆုံ ဆွေးနွေး၍လိုအပ်သည်များ မှာကြားသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် သနပ်ပင်မြို့၊ ငွေဗျိုင်းဖြူ ကုမ္ပဏီတွင်ကျင်းပသည့် တောင်သူများကိုယ်တိုင်ပါဝင်သော သီးနှံမျိုးစေ့ထုတ်လုပ်ခြင်း နည်းပညာပေး ဆွေးနွေးပွဲသို့ တက်ရောက်အားပေးပြီး  သီးထပ်စွမ်းအားမြှင့်တင်ရေးနှင့် ရေကိုအကျိုးရှိစွာ အသုံးချနိုင်ရေး ၊ စနစ်တကျလယ်ယာမြေများ ဖော်ထုတ်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်