နေပြည်တော် ဇူလိုင် ၃

မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီ (၂၈)ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးသို့ မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်နှင့် ကော်မတီဝင်များ၊ သီးနှံကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့ ခေါင်းဆောင်များနှင့် ပညာရှင်ဝန်ထမ်းများ တက်ရောက်ကြပြီး မျိုးသစ်မျိုးဖျား (၇၆)မျိုး တို့အပေါ် ဝိုင်းဝန်းသုံးသပ် ဆွေးနွေးကြသည်။

အစည်းအဝေးတွင် မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးစေ့ထုတ်လုပ်ဖြန့်ဖြူးရေးတွင် ပုဂ္ဂလိက ပူးပေါင်း ပါဝင်ဆောင်ရွက်မှုသည် အလွန်အရေးကြောင်း၊ မျိုးကောင်းမျိုးသန့်မျိုးစေ့ ထုတ်လုပ်ဖြန့်ဖြူး ရေးလုပ်ငန်းကို မျိုးစေ့ဥပဒေနှင့်အညီ စနစ်တကျ ဆောင်ရွက်နိုင်စေရန် ပုဂ္ဂလိကမျိုးစေ့ လုပ်ငန်းရှင်များ အသိပညာပေးခြင်းကို အလေးထား ဆောင်ရွက်ပေးရန်လိုကြောင်း၊ တောင် သူများ လိုအပ်ချိန်တွင် လိုအပ်သည့် မျိုးစေ့ပမာဏကို လွယ်ကူစွာဝယ်ယူရရှိ နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများက ကွန်ရက်တစ်ခု ဖန်တီးပေးရန် လိုအပ်ကြောင်း၊ တောင်သူလယ် သမား အကျိုးစီးပွားနှင့် စားသုံးသူ ဘေးကင်းလုံခြုံရေးအပြင် လယ်ယာကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးကို ရှေးရှုဆောင်ရွက်ကြရန်လိုကြောင်း၊ မျိုးသစ်အသိအမှတ်ပြု လက်မှတ်ရရှိရန် တင်ပြလာသော သီးနှံမျိုးသစ်များကို မျိုးစေ့ဥပဒေနှင့်အညီ စိစစ်ရာတွင် ဒေသရေမြေရာသီ ဥတုနှင့် ကိုက်ညီမှု၊ အသိအမှတ်ပြု လက်မှတ်ရရှိပြီး မျိုးများထက် ထူးခြားသာလွန်မှု၊ ဇီဝမျိုးစုံ မျိုးကွဲများကို ထိခိုက်နိုင်မှု ရှိ/မရှိ စသည့်အချက်များနှင့်အညီ နည်းပညာကော်မတီက စိစစ် ပြီး သဘောထားမှတ်ချက်များနှင့်အတူ တင်ပြလာခြင်းအပေါ် ဆွေးနွေးဆုံးဖြတ် သွားကြရ မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီ အတွင်းရေးမှူးက အစည်းအဝေးတွင် မျိုးသစ်အသိအမှတ်ပြု လက်မှတ်ရရှိရန် အစိုးရဌာနနှင့် ကုမ္ပဏီများမှ တင်ပြလာသည့် သီးနှံ များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌနှင့် အစည်း အဝေးတက်ရောက်လာကြသူများက ဝိုင်းဝန်းသုံးသပ် ဆွေးနွေးကြသည်။

မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီအနေဖြင့် (၂၇)ကြိမ်မြောက် အစည်းအဝေး အထိ လယ်ယာသီးနှံ (၆၇၁)မျိုး၊ ဥယျာဉ်ခြံသီးနှံ (၈၆၈)မျိုး၊ စက်မှုသီးနှံ (၁၂၈)မျိုးနှင့် မိဘမျိုးလိုင်း (၁၉၅)စုံ စုစုပေါင်း မျိုးသစ်မျိုးဖျား(၁၈၆၂)မျိုးကို အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်းနှင့် ယနေ့ကျင်းပသည့် (၂၈)ကြိမ်မြောက် အစည်းအဝေးတွင် သက်ဆိုင်ရာ သီးနှံ ကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့များနှင့် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာ ကော်မတီတို့က အဆင့် ဆင့် စိစစ်၍ တင်ပြလာသော စမ်းသပ်စိုက်ပျိုး အဖြေရရှိပြီးသည့် သီးနှံ (၁၂)မျိုး၏ မျိုးသစ် မျိုးဖျား (၄၃)မျိုး၊ အချက်အလက်မှတ်တမ်း အပြည့်အစုံဖြင့် တင်ပြမည့်သီးနှံ (၁၂)မျိုး၏ မျိုးသစ်မျိုးဖျား (၃၃)မျိုး၊ စုစုပေါင်း မျိုးသစ်မျိုးဖျား (၇၆)မျိုး တို့အပေါ် သုံးသပ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်