နေပြည်တော် ၁၈ ဇွန်

မျိုးစေ့ဆိုင်ရာ အမျိုးသား ကော်မတီ၏ (၁၅) ကြိမ်မြောက်အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၌ ကျင်းပသည်။

အစည်းအဝေးသို့ မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဌနှင့် ကော်မတီအဖွဲ့ဝင်များ၊ သီးနှံကျွမ်းကျင်ပညာရှင်များ တက်ရောက်ဆွေးနွေးကြသည်။

အစည်းအဝေးတွင် မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီဥက္ကဌ ဒုတိယဝန်ကြီး ဦးလှကျော် က အရည်အသွေးကောင်းမျိုးသစ်များထုတ်လုပ်နိုင်ရေး၊ ထုတ်လုပ်ပြီးသော မျိုးသစ်များ မျိုးစေ့ စံချိန်စံညွှန်းများနှင့် ပြည့်မီရေး၊ မျိုးစေ့လုပ်ငန်းများ စနစ်တကျရှိစေရေးတို့ အတွက် သတ်မှတ် ပြဌာန်းထားသောမျိုးစေ့ဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ကြီးကြပ်ဆောင်ရွက်ရန် လိုကြောင်း၊ သီးနှံမျိုးကောင်းမျိုးသစ်များတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ပုဂ္ဂလိကမျိုးစေ့ ကုမ္ပဏီများ၊ မျိုးစေ့ထုတ်အဖွဲ့ အစည်းများနှင့် လက်တွေ့စိုက်ပျိုးထုတ်လုပ်ကြသည့် တောင်သူ လယ်သမားကြီးများ အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း။

လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်ပုဂ္ဂလိကအခန်းကဏ္ဍမှရင်းနှီးမြှုပ်နှံမှုများကိုလက်ရှိထက်ပိုမိုတိုးတက်လာစေရန် အားပေးဆောင်ရွက်ခြင်းနှင့်အတူ တိုးတက်ပြောင်းလဲ လာသော နည်းပညာများသတင်းအချက်အလက်များကိုပြည်သူများထံသို့ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိရေးကိုလည်း အလေးထား ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြား သည်။

ထို့နောက် မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီအတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က မျိုးစေ့ကဏ္ဍဖွံ့ဖြိုးရေးဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး တွဲဘက်အတွင်းရေးမှူး ညွှန်ကြားရေးမှူးဦးသီဟထွန်း က သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီက စိစစ်တင်ပြလာသော မျိုးသစ်အသိအမှတ်ပြုလက်မှတ် ပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဖတ်ကြားတင်ပြရာ ကော်မတီဥက္ကဌ နှင့် အဖွဲ့ဝင်များက အကြောင်းအရာတစ်ခုချင်းအလိုက် ဆွေးနွေး ဆုံးဖြတ်ကြသည်။

စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာနခွဲ က မျိုးစေ့လုပ်ငန်းအရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန်၊ မျိုးသစ်အသိအမှတ်ပြုလက်မှတ်နှင့်လိုင်စင်များလျှောက်ထားရာတွင် အွန်လိုင်းမှ တဆင့် လျှောက်ထားနိုင်ရေးတို့အတွက် Myanmar Seed Portal  ဝက်ဆိုဒ်ကိုထုတ်လွှင့်ပေးခဲ့ပြီး လျှောက်ထားလာမှုများကို မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီက စိစစ်ခွင့်ပြုပေးချက်အရ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလထိ သီးနှံ (၆၂) မျိုး၏မျိုးကွဲ (၈၅၅) မျိုးနှင့်မိဘမျိုးလိုင်း(၁၀၈)လိုင်း စုစုပေါင်း(၉၆၃)မျိုးတို့ကို အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခဲ့ပြီးဖြစ်သည်။

ယနေ့ကျင်းပပြုလုပ်သော မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ၏ (၁၅) ကြိမ်မြောက် အစည်းအဝေးတွင် မျိုးစေ့ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာ ကော်မတီက သဘောထားမှတ်ချက်ဖြင့် တင်ပြလာသောမျိုးသစ်များ၊ သီးနှံ (၂၄) မျိုး၏မျိုး သစ်မျိုးကွဲ (၅၄) မျိုး၊ မိဘမျိုးလိုင်း (၁၀) လိုင်းတို့နှင့် သက်ဆိုင်သည့် အချက်အလက်များကို စိစစ်ဆွေးနွေးကြပြီး အသိအမှတ်ပြုလက်မှတ်ပေးနိုင်ရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ 

(သတင်းစဉ်)