နေပြည်တော် ဇူလိုင် ၁၈

မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ (National Seed Commimttee-NSC) ၏ (၂၅) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 အစည်းအဝေးသို့ မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ(NSC) ဥက္ကဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် နှင့် (NSC)ကော်မတီဝင်များ၊ သီးနှံကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့ (Technical Working Groups)များမှ အဖွဲ့ခေါင်းဆောင်များနှင့် မျိုးစေ့ကျွမ်းကျင်မှု ဆိုင်ရာကော်မတီ (Technical Seed Commimttee) တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ(NSC) ဥက္ကဌ ဒုတိယဝန်ကြီးက မျိုးစေ့ဆိုင်ရာ၊ မြေဩဇာဆိုင်ရာ တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များသည် သက်ဆိုင်ရာလုပ်ငန်းစဉ် ကွင်းဆက်တစ်လျှောက်တွင်  စနစ်တကျဖြင့် အဆင်ပြေ ချောမွေ့စွာဆောင်ရွက်နိုင်ရေး၊ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုး စီးပွားမြှင့်တင်ရေးအတွက် ဥပဒေပြဌာန်းဆောင်ရွက်ထားခြင်းအပေါ် လယ်ယာကဏ္ဍတွင် ပါဝင်ပတ်သက်သူ အားလုံးထဲထဲဝင်ဝင် သိရှိနားလည်ပြီး တိတိကျကျလိုက်နာကျင့်သုံးရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း၊ အလားတူ မျိုးကောင်းများ ထိန်းသိမ်းနိုင်ရေးနှင့် မျိုးသန့်များတွင်ကျယ်စွာ အသုံးပြုနိုင်ရန် သုတေသနကဏ္ဍနှင့်နည်းပညာ ပြန့်ပွားရေးကဏ္ဍ တာဝန်ရှိသူများ၊ ပုဂ္ဂလိကနှင့် တောင်သူလယ်သမားများ ပူးပေါင်း၍ဒေသတွင်းနှင့် နိုင်ငံတကာ၏ မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းသွားကြရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။

အထွက်နှုန်းနှင့် အရည်အသွေး ကောင်းမွန်သော မျိုးစေ့များကို တောင်သူများ ဈေးနှုန်းချိုသာစွာဖြင့် လိုအပ်သည့်အချိန်တွင် လိုအပ်သည့် ပမာဏကို လွယ်ကူစွာဝယ်ယူ ရရှိနိုင်ရေးအတွက် ပြည်တွင်းမျိုးစေ့ထုတ်လုပ်မှုပိုမိုဖွံ့ဖြိုးလာရေးနှင့် မျိုးစေ့ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများ တိုးတက်ဝင်ရောက်လာရေးကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အားပေးဆောင်ရွက်လျက်ရှိသကဲ့သို့ မျိုးစေ့ဆိုင်ရာ အမျိုးသား ကော်မတီအနေဖြင့် မျိုးသစ်များမှတ်ပုံတင်နိုင်ရေး ဆောင်ရွက်ပေးခြင်း၊ မျိုးသစ်အသိ အမှတ်ပြု လက်မှတ်ရရှိပြီးသော မျိုးများကို တင်သွင်းဖြန့်ဖြူး တင်ပို့ခြင်းလုပ်ငန်းများ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရေးနှင့် မျိုးစေ့စီးပွားရေး လုပ်ငန်း နယ်ပယ်အတွင်း မသမာမှုများ ကာကွယ်နိုင်ရေးအတွက်  မျိုးစေ့ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထိန်းကျောင်းကြပ်မတ် ဆောင်ရွက်ပေးလျက်ရှိသည်။

သီးနှံကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့များ (Technical Working Group) နှင့် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီ (Technical Seed Commimttee) တို့၏ အဆင့်ဆင့် စိစစ် တင်ပြချက်များကို အခြေခံကာ မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ (NSC) အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအထိ လယ်ယာသီးနှံ (၆၃၂) မျိုး၊ ဥယျာဉ်ခြံသီးနှံ (၇၁၆) မျိုး၊ စက်မှုသီးနှံ (၁၂၇) မျိုးနှင့် မိဘမျိုးလိုင်း (၁၇၅)စုံ၊ စုစုပေါင်းမျိုးသစ်မျိုးပြား (၁၆၁၄) မျိုး အတွက် မျိုးသစ်အသိအမှတ်ပြု လက်မှတ်များထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ ယနေ့ အစည်းအဝေးတွင် သီးနှံ (၈)မျိုး ၏ မျိုးသစ်မျိုးကွဲ (၂၉)မျိုး၊ အချက်အလက် အပြည့်အစုံ ဖြင့် စုစည်းတင်ပြရမည့် သီးနှံ(၁၁)မျိုး၏ မျိုးကွဲ (၃၁)မျိုးနှင့် မိဘမျိုးလိုင်း (၁၂) စုံ၊ စုစုပေါင်း မျိုးသစ်မျိုးကွဲ (၇၁)မျိုးတို့နှင့်စပ်လျဉ်း၍ မျိုးသစ်အသိအမှတ်ပြု လက်မှတ်ထုတ်ပေးနိုင်ရေး ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်