နေပြည်တော်၊ ဇွန် ၂၀
မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီ(၂၂)ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၄၃) အစည်းအဝေးခန်းမ၌ မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီ ဥက္ကဋ္ဌ များဖြစ်ကြသည့် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့် ဒေါက်တာနိုင်ကြည်ဝင်းတို့ ဦးဆောင်၍ ကျင်းပသည်။
အစည်းအဝေးတွင် စမ်းသပ်စိုက်ပျိုးပြီး ဆက်လက်ထောက်ခံတင်ပြမည့် သီးနှံ(၈)မျိုး၏ မျိုးကွဲ(၂၀)နှင့် သက်ဆိုင်ရာ အချက်အလက်ဖြင့် တင်ပြရမည့်သီးနှံ (၇)မျိုး မျိုးကွဲ(၁၀)မျိုးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
လယ်ယာကဏ္ဍ၏ စိုက်ပျိုးထုတ်လုပ်မှုပမာဏ တိုးတက်ရေးနှင့် သီးနှံအရည်အသွေး မြင့်မားရေးတွင် အဓိကအရေးပါသည့် မျိုးစေ့ကဏ္ဍ အရှိန်အဟုန်ကောင်းစွာ ဖွံ့ဖြိုးလာစေရန် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာ ကော်မတီ (TSC) က နည်းပညာရပ်ဆိုင်ရာ ဆန်းစစ်လေ့လာခြင်းနှင့် စိစစ်တွေ့ရှိချက်များကို မှတ်ချက်ပြုတင်ပြခြင်းများဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်သည့် မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ (NSC)က တည်ဆဲဥပဒေများနှင့်အညီ ထိန်းကျောင်း စီမံဆောင်ရွက်နိုင်ရန် အထောက်အပံ့ပြုပေးလျက်ရှိသည်။
ဒေသအသီးသီးရှိ စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနအောက်ရှိ ခြံများနှင့် စိုက်ကွင်းများမှ ပညာရှင်များဖြင့် ဖွဲ့စည်းတာဝန်ပေးထားသော သီးနှံကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့များက မျိုးစေ့မှတ်ပုံတင်ခွင့်တင်ပြလာသော သီးနှံမျိုးစေ့များကို စမ်းသပ်စိုက်ပျိုး၍ စနစ်တကျလေ့လာပြီး တွေ့ရှိချက်များ တင်ပြလာမှုအပေါ် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာ ကော်မတီ(TSC) အစည်းအဝေးက စိစစ်ဆွေးနွေးပြီး မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီ(NSC)သို့ ဆက်လက်ပေးပို့တင်ပြသော လုပ်ငန်းစဉ်များ ပါဝင်ကြောင်းလည်း သိရသည်။
သတင်းစဉ်