နေပြည်တော်၊ ဩဂုတ် ၆
မျိုးစေ့ထုတ်လုပ်ငန်းတွင် တောင်သူများကိုယ်တိုင် ပါဝင်ဆောင်ရွက်လာကြစေရေး အားပေးကူညီ လျက်ရှိရာ ယမန်နေ့က ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ငါးကြီးဂရက် ကျေးရွာ၊ တောင်သူ ဒေါ်ဝင်းနွယ်၏ (RS-CS) ဆင်းသုခ စီးပွားဖြစ်မျိုးသန့် မျိုးပွား၊ မျိုးစေ့ထုတ်စိုက်ခင်း နှင့် ကျိုက်လတ်မြို့နယ် လှည်းဆိပ်ကျေးရွာ တောင်သူ ဦးယဉ်ထွေး ၏ ဆင်းသုခ စိုက်ခင်းများကို ကြည့်ရှုစစ်ဆေးအားပေးပြီး ဒေသခံတောင်သူများကို သွင်းအားစု ဓာတ်မြေ ဩဇာများပေးအပ်သည်။
ယင်းနောက် ဒုတိယဝန်ကြီး က တောင်သူများနှင့်တွေ့ဆုံ၍ အရည်အသွေးကောင်းသီးနှံများ ထုတ်လုပ်နိုင်ရေးနှင့် သီးနှံအထွက်နှုန်းမြင့်မားရေးအတွက် မျိုးစေ့၏ အရေးပါမှု၊ လုပ်ကွက်ငယ် တောင်သူများ မျိုးစေ့ထုတ်လုပ်ငန်းကိုဆောင်ရွက်ခြင်းဖြင့် တိုးတက်ရရှိနိုင်မည့် ဝင်ငွေအကျိုးအမြတ် တို့ကို ဆွေးနွေးပြောကြားပြီး၊ ဒေသခံတောင်သူများ သီးထပ်စွမ်းအားတိုးတက်ရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးတွဲဘက်လုပ်ကိုင်နိုင်မှု အခွင့်အလမ်းများကို အကြံပြုဆွေးနွေးမှာကြားသည်။
ထို့နောက် စက်မှုလယ်ယာဦးစီးဌာန ကျိုက်လတ်မြို့နယ်ရုံးတွင် ခရိုင်နှင့် မြို့နယ်လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများအားတွေ့ဆုံ၍ မိုးစပါးလျာထားချက်ပြည့်မီစေရေး၊ တောင်သူများကုန်ကျစရိတ် သက်သာစွာဖြင့် သီးထပ်သီးနှံများကို ရာသီအချိန်မီ စိုက်ပျိုးနိုင်ရေး၊ လယ်ယာသုံးစက်ကိရိယာ သုံးစွဲသူများအတွက် ရင်းနှီး မြှုပ်နှံမှုနှင့် ထိုက်တန် သည့် အကျိုးဖြစ်ထွန်းစေရန် စွမ်းအားကို အပြည့်အဝ အသုံးချနိုင်ရေး၊ လယ်ယာလုပ်သားတစ်ဦးချင်း၏ ထုတ်လုပ်မှုစွမ်းအား မြှင့်တင်နိုင်ရေး၊ စက်ကိရိယာ ပြုပြင်ထိန်းသိမ်း အသုံးပြုမှု နည်းပညာပြန့်ပွားရေးအတွက် လက်တွေ့သရုပ်ပြ လုပ်ငန်း များကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားပြီး ထွန်စက်များ လယ်ယာသုံး စက်ကိရိယာများနှင့် ရိတ်သိမ်းခြွေလှေ့စက်များ ထိန်းသိမ်းထားရှိမှုကို ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမတွင် အခြေခံ ပညာကျောင်းအုပ်ကြီးများ ၊ စာကြည့်တိုက်မှူးများ၊ လူမှုရေးအသင်းအဖွဲ့ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ တက္ကသိုဝင်တန်း ထူးချွန်စွာအောင်မြင်အောင် သင်ကြားပေးခဲ့ကြသည့် ဆရာမကြီးများကို ဂုဏ်ပြုငွေ များချီးမြှင့်ပေးအပ်ပြီး လူမှုရေးအသင်းအဖွဲ့များ၊ စာကြည့်တိုက်များအတွက် သုတရစာအုပ်များနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။
ညနေပိုင်းတွင် ညောင်တုန်းမြို့နယ်၊ ကျုံတမာအုပ်စု၊ ပဲရုံဆိပ်ကျေးရွာရှိ ထိပ်တန်းနို့စားနွား မွေးမြူရေးခြံ ၏ နို့စားနွား မွေးမြူထားရှိမှု ၊ နို့နှင့်နို့ထွက်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးနေမှု ၊ နွားစာမြက် နေပီယာ၊ အဲဗားဂရင်း၊ မွန်ဘားစားများ စိုက်ပျိုးထားရှိမှုကိုလည်းကောင်း၊ ပန်းတနော်မြို့နယ် ဥတိုကျေးရွာရှိ ထူးထက်ဟန်ကုမ္ပဏီလီမိတက်၏ အသားတိုးဝက်မွေးမြူရေး လုပ်ငန်းကိုလည်းကောင်း ကြည့်ရှု အားပေးပြီး အစားအစာ ဘေးကင်းလုံခြုံရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


