မျိုးဆက်ပွားကျန်းမာရေးအသိပညာပေး ဟောပြောပွဲကျင်းပ

ရန်ကုန် ၂၀ သြဂုတ် 


ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ မျိုးဆက်ပွားကျန်းမာရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။ 


ဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းနှင့် မိသားစုများ စုစုပေါင်း ၆၅၀ တက်ရောက်ခဲ့သည်။

 

efe


ဟောပြောပွဲတွင် ဒဂုံတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာနေသွယ်ခြည်က ယနေ့ပြုလုပ်မည့် ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း(ဗဟို) တို့ပူးပေါင်းဆောင်ရွက်သော မျိုးဆက်ပွားကျန်းမာရေး အသိပညာပေး ဟောပြောခြင်းသည် သင်ရိုးပြင်ပလှုပ်ရှားမှု တစ်ခုဖြစ်ပြီး၊ ကျောင်းသား ကျောင်းသူများအတွက် သာယာလှပသည့်ဘဝများကို ဖန်တီးနိုင်ရန် လိုအပ်သော အသိပညာများဖြစ်ကြောင်း၊ တက်ရောက်လာသော ကျောင်းသားကျောင်းသူများသာမက ဆရာ ဆရာမ ဝန်ထမ်းမိသားစုများအတွက်ပါ အကျိုးရှိကြောင်း၊ သိလိုသည်များကိုလည်း အမေးအဖြေကဏ္ဍတွင် မေးမြန်းစေလိုကြောင်း၊ ရရှိသောအသိပညာများကိုလည်း ထပ်ဆင့်ဖြန့်ဝေပေးစေလိုကြောင်း၊ လာရောက်ဟောပြောပေးသည့် မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း (ဗဟို) မှ တာဝန်ရှိသူများအား ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။ 


ထို့နောက် မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်က မျိုးဆက်ပွား ကျန်းမာရေး အသိပညာပေးလုပ်ငန်းသည် မိမိတို့အသင်း၏ အဓိကအကျဆုံး မဟာဗျူဟာ တစ်ရပ်ဖြစ်ကြောင်း၊ မိသားစုများ အဆင်မပြေသေးသောအချိန်တွင် ကိုယ်ဝန်မရစေရန် နေထိုင်တတ်စေပြီး၊ စီမံချက်ချပြီးစနစ်ကျသော မိသားစုဘဝ ထူထောင်တတ်စေခြင်းဖြင့် တစ်ကိုယ်ရေ မိခင်ဖြစ်ခြင်း၊ ရင်ခွင်မဲ့ကလေးငယ်များဖြစ်ခြင်းကို ထိရောက်စွာကာကွယ်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ 


ဆက်လက်၍ အတွင်းရေးမှူးဒေါက်တာမြသီတာက အခြေခံမျိုးဆက်ပွား ကျန်းမာရေးအကြောင်းနှင့် သားဖွားမီးယပ်အထူးကုဆရာဝန် ဒေါက်တာနှင်းမို့မို့နိုင်တို့က သားဆက်ခြားနည်းလမ်းအမျိုးမျိုး၏ အကြောင်းများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများက ပြန်လည်မေးမြန်းသည်များကို ရှင်းလင်းပြောကြားသည်။


ထို့နောက် ဒုတိယပါမောက္ခချုပ် ဒေါက်တာနေသွယ်ခြည်က နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်