မော်လမြိုင် နိုဝင်ဘာ ၂၈
၂၀၂၁ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ်အသက် (၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက်၉နာရီခွဲက မော်လမြိုင်မြို့၊ ပြည်နယ်အားကစားခန်းမတွင် ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်း ထွန်း၊ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အားကစားဝါသနာရှင်များ တက်ရောက် ကြပြီး အမျိုးသားတစ်ဦးချင်းအလိုက် နောက်ဆုံးဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်ကစားနေမှုကို ကြည်ရှုအားပေးသည်။
အဆိုပါပြိုင်ပွဲကို အမျိုးသား၊ အမျိုးသမီးအသင်းအုပ်စု၊ တစ်ဦးချင်းအလိုက် နိုဝင်ဘာ၂၆ရက် မှ၂၈ရက်နေ့ထိ ယှဉ်ပြိုင်ကစားကြခဲ့ကြပြီးနောက် ဆုပေးပွဲကို ဆက်လက်ကျင်းပခဲ့ရာ အမျိုးသား၊ အမျိုးသမီးအတိုးတက်ဆုံးအားကစားသမားဆုကိုမော်လမြိုင်နှင့်ပေါင်မြို့နယ်တို့အားပြည်နယ်စားပွဲ တင်တင်းနစ် ဆပ်ကော်မတီဥက္ကဋ္ဌ ဦးအောင်သိန်းကလည်းကောင်း၊ အမျိုးသမီးတစ်ဦးချင်း ပူးတွဲတတိယဆုကို သထုံနှင့်ပေါင်မြို့နယ်အားပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတင်မောင်ဆွေက လည်းကောင်း၊ အမျိုးသမီးတစ်ဦးချင်း ဒုတိယဆုကို မော်လမြိုင်မြို့နယ်အား ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်ကလည်းကောင်း၊ အမျိုးသမီးတစ်ဦးချင်း ပထမဆုကို ပေါင်မြို့နယ်အားပြည်နယ် အစိုးရအဖွဲ့တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးက လည်းကောင်း၊ အမျိုးသားတစ်ဦးချင်း ပူးတွဲတတိယဆုကိုမော်လမြိုင်မြို့နယ်၊ အမျိုးသားတစ်ဦးချင်း ဒုတိယဆုကို ကျိုက်မရောမြို့နယ်၊ အမျိုးသားတစ်ဦးချင်းပထမဆုကို ပေါင်မြို့နယ်တို့အားပြည်နယ်အစိုးရအဖွဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီးရဲမှူးကြီး သက်နိုင်ကလည်းကောင်း၊ အမျိုးသမီးအသင်းလိုက် ပူးတွဲတတိယဆုကို ကျိုက်မရောနှင့်သထုံ မြို့နယ်၊ အမျိုးသမီးအသင်းလိုက် ဒုတိယဆုကို ပေါင်မြို့နယ်တို့အား ပြည်နယ်အစိုးရအဖွဲ့လူမှုရေးရေးရာဝန်ကြီး ဦးတင်ချယ်ကလည်းကောင်း၊ အမျိုးသားအသင်းလိုက် ပူးတွဲ တတိယဆုကို ကျိုက်မရောနှင့်ကျိုက်ထိုမြို့နယ်၊ အမျိုးသားအသင်းလိုက်ဒုတိယဆုကို မော်လမြိုင်မြို့နယ်အသင်း တို့အား ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက လည်းကောင်း၊ အမျိုးသမီးအသင်းလိုက် ပထမဆုမော်လမြိုင်မြို့နယ်နှင့် အမျိုးသားအသင်းလိုက် ပထမဆုပေါင်မြို့နယ်တို့ကိုမွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းကလည်းကောင်းငွေသားဆု၊ ဆုတံဆိပ်နှင့် တံခွန်စိုက်ဒိုင်းဆုများ အသီးသီးချီးမြှင့်ပေးသည်။
မွန်ပြည်နယ်အနေဖြင့် မြန်မာ့အားကစား အဆင့်အတန်း တိုးတက်မြင့်မားစေရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူ၍ ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုနှင့်အတူ အားကစား နည်းအလိုက်ဆပ်ကော်မတီများ၏ တက်ကြွစွာပူးပေါင်းလုပ်ဆောင်မှု၊ အားကစားသမားများ၏ ဇွဲ၊ စိတ်ဓာတ်၊ လုံ့လတို့ဖြင့် ယှဉ်ပြိုင်ကြခြင်းဖြစ်ပြီး ကိုဗစ်-၁၉အလွန်ကာလများ အားကစားကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပသွားမည်ဖြစ်ရာ မြို့နယ်၊ခရိုင်အဆင့်မှ ပြည်နယ်အဆင့်ထိ မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ချက် ကောင်းများဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းသိရသည်၊၊
ခရိုင်(ပြန်/ဆက်)