နေပြည်တော် နိုဝင်ဘာ ၁၄

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီ၊ ခုံသမာဓိဆပ်ကော်မတီနှင့် မျိုးဆက် သစ် အားကစားသမားများ ရွေးချယ်ရေးဆပ်ကော်မတီအဖွဲ့ဝင်များ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ် ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက အားကစားပြိုင်ပွဲများကို အဆင့်မီမီဖြင့် စနစ်တကျ ကျင်းပနိုင်ရေးနှင့် မျိုးဆက်သစ် အားကစားသမားများကို စနစ်တကျ စိစစ်ကြပ်မတ် ရွေးချယ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားနိုင်ရန် ယခုအစည်းအဝေးအား ကျင်းပရခြင်းဖြစ်ကြောင်း၊ မျိုးဆက်သစ် အားကစားသမားများ ရွေးချယ်ရာတွင် အမှန်တကယ် အရည်အချင်းရှိသည့် အားကစားသမားများကို  ဘက်လိုက်မှုမရှိဘဲ မှန်မှန်ကန်ကန် စိစစ်ကြပ်မတ်၍ ရွေးချယ်ပေးရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ် ဆပ်ကော်မတီ အတွင်းရေးမှူး၊ ခုံသမာဓိဆပ်ကော်မတီနှင့် မျိုးဆက်သစ် အားကစားသမားများ ရွေးချယ်ရေးဆပ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အစည်းအဝေးဆုံးဖြတ်ချက်ပါ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြီး မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများက ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုနှင့်  လိုအပ်ချက်များကို  ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

သတင်းစဉ်