ရန်ကုန် ဧပြီ ၄
မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်သည် မျိုးဆက်သစ်လူငယ် ဂေါက်သီးရိုက်ကစားသမားများ၏ အရည်အသွေးတိုးတက်လာစေရန် Junior Development Program ကို ဧပြီ ၁ ရက်မှ ၆ ရက်အထိ ရန်ကုန်မြို့ရှိ ရန်ကုန်ဂေါက်ကွင်း (တညင်းကုန်း) ၌ ပြုလုပ်သင်ကြားပေးလျက်ရှိသည်။
မြန်မာလူငယ် ဂေါက်သီးရိုက် အားကစားသမားများအနေဖြင့် South East Asia Amateur Golf Team Championship နှင့် အခြားနိုင်ငံတကာပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး အောင်မြင်မှုများ ရယူနိုင်ရန်အတွက် အရည်အသွေးပိုင်း ပိုမိုတိုးတက်လာစေရန် ယခုအစီအစဉ်ကို ပြုလုပ်ပေးခြင်းဖြစ်သည်။ အဆိုပါ Program ကို နည်းပြအဖြစ် Professional Golfers ရဲထက်အောင်၊ မြန်မာ့လက်ရွေးစင်အသင်း ကြီးကြပ်ရေးမှူး ဦးကျော်ကိုကိုချစ်နှင့် လက်ထောက်နည်းပြအဖြစ် မြန်မာ့လက်ရွေးစင်ကစားသမား ဟိန်းနိုင်ဇင်တို့ လေ့ကျင့်သင်ကြားပေးလျက်ရှိ သည်။ ရဲထက်အောင်သည် ပရော်ဖက်ရှင်နယ် ဂေါက်သီးရိုက်အားကစားသမားအဖြစ် နိုင်ငံတကာပြိုင်ပွဲများစွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သလို အောင်မြင်မှုရရှိထားသူလည်းဖြစ်သည်။
မြန်မာနိုင်ငံ ဂေါက်သီးအားကစား အဖွဲ့ချုပ်သည် လူငယ်မျိုးဆက်သစ် ဂေါက်သီးရိုက်အားကစားသမားများ ထွက်ပေါ်လာစေရန်နှင့် ပြိုင်ပွဲများစဉ်ဆက်မပြတ် ယှဉ်ပြိုင်နိုင်ရန် ပြည်တွင်းပြိုင်ပွဲများ တစ်နှစ်လျှင် ငါးခုမှ ၁၀ ခုအကြား ကျင်းပပေးလျက်ရှိပြီး နိုင်ငံတကာပြိုင်ပွဲများလည်း ပုံမှန်ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
သတင်း-ချစ်ကိုကို၊ ဓာတ်ပုံ-MGF


