မျိုးဆက်သစ်ဘဝလှပဖို့ မူးယစ်ဟူသမျှ တိုက်ဖျက်စို့

ထက်ဝေအောင် (စစ်ကိုင်း)

ကမ္ဘာတစ်လွှားတွင် ဘေးအန္တရာယ်ပေါင်းများစွာ၊ အခက်အခဲ အတားအဆီးများစွာ ရင်ဆိုင်ကြုံတွေ့နေရပြီး လူသားအရင်းအမြစ် ပျက်သုဉ်းရေးကို ဘက်ပေါင်းစုံမှ စိန်ခေါ်လျက်ရှိနေသည်။ လူတို့ဖန်တီးကြသည့် လူမှုစီးပွားမလုံခြုံမှု ပြဿနာများနှင့် ဘေးအန္တရာယ် ရန်စွယ်အသွယ်သွယ် ရှိသည့်အနက် အကြီးမားဆုံး စိန်ခေါ်မှုတစ်ရပ်မှာ မူးယစ်ဆေးဝါး ပြဿနာပင် ဖြစ်ပါသည်။ ကမ္ဘာ့စာမျက်နှာထက်တွင် မူးယစ်ဆေးဝါးနှင့် သက်ဆိုင်သည့် မှုခင်းသတင်းများက တစ်နေ့တခြား ပိုမိုတိုးပွားဆိုးရွားလာသည်ကို တွေ့မြင်ကြရပါသည်။ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အစီအစဉ်များကို အနု၊ အကြမ်း အသွင်ဏ္ဌာန်မျိုးစုံ၊ ကာကွယ်ရေး နည်းလမ်းမျိုးစုံ အသုံးပြု တိုက်ထုတ်နေကြသည့်တိုင် မူးယစ်ဆေးဝါးပြဿနာများက ယနေ့ထက်ထိ ခေါင်းထောင် မင်းမူနေဆဲ ဖြစ်သည်။

မိမိတို့ရရှိထားသောဘဝကို တန်ဖိုးထား
ပညာရှိပင် သတိလွတ်ပြီး မှားတတ်သည့်ခေတ်တွင် လူငယ်လူရွယ်များ မူးယစ်ဆေးဝါးကို လက်တည့်စမ်းမသုံးစွဲမိစေရန် လိုအပ်ပါသည်။ မိမိတို့ရရှိထားသောဘဝကို တန်ဖိုးထားပြီး မိဘနှင့်အတူ အေးအတူပူအမျှ နေထိုင်သွားကြရပါမည်။ မိဘစကား အလေးထားရန် လိုအပ်ပါသည်။ မိဘဟူသည်သားသမီးများ၏ လက်ဦးဆရာများဖြစ်ကြပြီး အမှား၊ အမှန်ကို နည်းမှန်လမ်းပြ တည့်မတ်ပေးရသူများ ဖြစ်သည်။ အပြစ်ပေး ဆူပူကြိမ်းမောင်းခြင်းထက် ကောင်းမွန်သော နည်းလမ်းကို ရွေးချယ်စဉ်းစားသင့်ပြီး သားသမီးများ၏ လိုအပ်ချက်ကို လမ်းညွှန်ပြသခြင်း၊ အပေါင်းအသင်း အခြေအနေ၊ ငွေကြေးသုံးစွဲမှု၊ အသွားအလာ၊ အနေအထိုင်တို့ကို နှံ့စပ်သေချာစွာ စူးစမ်းလေ့လာထားခြင်းက မူးယစ်အန္တရာယ်မှ ကာကွယ်ပေးရန် တစ်ထောင့်တစ်နေရာက အကူအညီပေးနိုင်မည် ဖြစ်ပါသည်။ မိဘနှင့် သားသမီးများအကြား နည်းလမ်းမှန်ကန်သော ဆုံးမပဲ့ပြင်မှုမှာ အမြဲတစေလိုအပ်နေပြီး မိဘ၏ ဖေးမကူညီစောင့်ရှောက်မှုများရရှိနေပါက လူငယ်များအားလုံး မူးယစ်ဆေးဝါး အန္တရာယ်နှင့် အဝေးဆုံးခရီးသို့ ချီတက်ရောက်ရှိနေမည် ဖြစ်သည်။

လူငယ်သည် ရိုးသားပွင့်လင်းပြီး တက်ကြွနိုးကြားသူများ ဖြစ်ကြသည်။ ရိုးသားမှု အစွန်းရောက်ပါက သူတစ်ပါး၏ အမြတ်ထုတ်ခြင်း ခံရနိုင်သည်။ ထို့အတူ ပွင့်လင်းရဲတင်းမှု အဆင့်ကျော်လာပါက ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများ ကွယ်ပျောက်သွားနိုင်သည်။ ယနေ့ခေတ်တွင် လူငယ်များလမ်းမှား မရောက်ရှိရေးက အရေးကြီးလှပါသည်။ အလားတူပင် လူငယ်များ၏ ပညာရည်မြင့်မားရေး၊ ကျန်းမာကြံ့ခိုင်ရေး၊ အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် အတွေးအခေါ်ကောင်းများ ပိုင်ဆိုင်ရေးအတွက် မိဘ၊ အုပ်ထိန်းသူ၊ ပတ်ဝန်းကျင်က ပံ့ပိုးဖော်ဆောင် ပေးကြရပါမည်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆောင်ရွက်ရာတွင် သာမန် အသိစိတ်၊ ကိုယ်နှင့်မဆိုင် ဘေးထိုင်နေရုံမျှမရနိုင်ဘဲ ပြည်သူလူထု တစ်ရပ်လုံးက ဘက်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံမှ အတူတကွ ပါဝင်တိုက်ဖျက်ပေးမှသာ အမြစ်ပြုတ်ချေမှုန်းနိုင်မည် ဖြစ်သည်။ လူငယ်များအနေ ဖြင့်လည်း မူးယစ်ဆေးဝါးအန္တရာယ်ကို သတိရှိရှိ အခြေခိုင်ခိုင် ရှောင်ရှားနိုင်လျှင် နိုင်ငံတော်၏ မျှော်လင့်ချက် မပျက်စီးစေဘဲ နိုင်ငံတော်ကို ရေရှည်အကျိုးပြုနိုင်မည် ဖြစ်သည်။

အပေါင်းအသင်း ရွေးချယ်ပေါင်းသင်း
ယနေ့အချိန်တွင် လူငယ်များသည် တစ်ဦးနှင့်တစ်ဦး ကွန်ရက်သဖွယ် ချိတ်ဆက်ပေါင်းသင်းနေကြလေ့ရှိသည်။ ဆွေမျိုးထက် အပေါင်းအသင်း သူငယ်ချင်းကို ပိုမိုခင်တွယ်ကြပြီး အပေါင်းအသင်း၏စကားကို မိဘစကားထက် ပိုမိုနားယောင် တတ်ကြသည်။ ယနေ့ခေတ် အမှားဘက်တွင် ကျော်ကြား နှံ့စပ်လွန်းသည့် အပေါင်းအသင်း လူငယ်များစွာ ရှိနေကြသည်။ ထိုသူများနှင့် ပေါင်းသင်းမိပါက လူကောင်းပင် လူဆိုးဖြစ်တတ်သဖြင့် အပေါင်းအသင်း ရွေးချယ်ပေါင်းသင်းရန် လိုအပ်သည်။ မိတ်ဆွေ၊ သူငယ်ချင်းကို အားနာခြင်း၊ လူပျော့လူညံ့အဖြစ် အထင်မခံလိုခြင်း၊ မြှောက်ပင့်စကားကို ယုံလွယ်ခြင်း အစရှိသော စိတ်ခံစားချက်များစွာက မူးယစ်ဆေးဝါးကို စတင်စမ်းသပ်သုံးစွဲမိကြစေသည်။ တဒင်္ဂဖြစ်ပေါ်လာသော စိတ်ခံစားချက်မှ အစပြု၍ လူ့ဘဝ တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိပါသည်။ လူငယ်အများစုတွင် စူးစမ်း လိုစိတ်၊ လက်တွေ့စမ်းသပ် လိုစိတ်ရှိနေကြပြီး မိဘ၊ အုပ်ထိန်းသူများ တားမြစ်ထားသည့်ကြားက ဆေးလိပ်၊ ကွမ်းယာ၊ အရက်တို့ကို စမ်းသပ် သုံးစွဲနေမှုကို ကြည့်လျှင် သိနိုင်ပါသည်။ ထိုမှတစ်ဆင့် မူးယစ်ဆေး၏သားကောင် ဖြစ်သွားနိုင်သည်။ မူးယစ်ဆေးသုံးစွဲသူ အများစုကို ကြည့်လျှင် လူငယ်များဖြစ်နေသည်ကို တွေ့ကြရသည်။ မူးယစ်ဆေးဝါးသည် စာသင်ကျောင်းများ၊ ရုံးဌာနများ၊ လူနေရပ်ကွက်များ၊ လူသူအရောက်အပေါက်နည်းသည့် ကျေးလက်တောရွာမကျန် ထိုးဖောက်ရောက်ရှိနေသည့် လူသတ် တရားခံစင်စစ်မှာ မူးယစ်ဆေးဝါးပင် ဖြစ်သည်။ ထိုအခြေအနေကို ကာကွယ်တားဆီးကြမည့် ပြည်သူအများစုမှာ မူးယစ်ဆေးဝါး အန္တရာယ်ကို ကြိုတင်သိမြင်ပြီး မူးယစ်ဆေးနှင့် သက်ဆိုင်သော ကိစ္စမှန်သမျှကို ရှောင်ရှားခြင်း၊ အသိပညာ ဖလှယ်ခြင်း၊ သတင်းပေးတိုင်ကြားခြင်း လုပ်ငန်းများ ပြုလုပ်သွားကြရပါမည်။ မူးယစ်မီးတောက်ကို ဗဟုသုတရှိရှိ၊ အသိတရားရှိရှိ သတိထား ငြှိမ်းသတ်နိုင်ရန် လိုအပ်နေသကဲ့သို့ လူငယ်များကိုယ်တိုင်ကပင် မူးယစ်ဆေးဝါးနှင့် မပတ်သက် အောင်နေထိုင်ခြင်း၊ ဉာဏ်နှင့်ယှဉ်လျက် အပေါင်းအသင်း ရွေးချယ်ပေါင်းသင်းခြင်းဖြင့် လူငယ်နှင့်မူးယစ်ဆေး အလှမ်းဝေးကွာအောင် ကြိုတင်ကာကွယ်ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

ထိရောက်စွာ ကာကွယ်တိုက်ဖျက်
ပထမဦးစွာ လူငယ်များ မူးယစ်ဆေးနှင့် ဝေးဝေးရှောင်ရှားနိုင်ရန်အတွက်က္ဘာတစ်လွှားတွင် ဖြစ်ပျက်နေသည့် မူးယစ်ဆေးနှင့် ပတ်သက်သော အခြေအနေများကို လေ့လာစူးစမ်းကြရပါမည်။ မူးယစ်ဆေးသည် လူသားအားလုံးအတွက် တကယ်ကောင်းကျိုးပေး၊ မပေး မိမိဦးနှောက်ဖြင့် နားလည်နိုင်စွမ်းကို မြှင့်တင်ရပါမည်။ က္ဘာတစ်ဝန်းလုံးတွင် မူးယစ်ဆေး အကြောင်း မီးမောင်းထိုးကြည့်ပါက ဖိလစ်ပိုင်သမ္မတ၏ မူးယစ်ဆေးဝါးနှိမ်နင်းမှု၊ အင်ဒိုနီးရှားနိုင်ငံ၏ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူး သူများကို သေဒဏ်ပေးအရေးယူမှု၊ ဗြိတိန်နိုင်ငံ၏ အွန်လိုင်းအသုံးပြုပြီး မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ သီရိလင်္ကာနိုင်ငံတွင် လက်ရှိကျင့်သုံးနေသော မူးယစ်ဆေး ရောင်းဝယ်ထုတ်လုပ်မှု၊ ပြစ်ဒဏ်ချမှတ်မှု၊ ဂျပန်၊ မလေးရှား၊ ထိုင်းနိုင်ငံတွင် မူးယစ်ဆေးစွဲသူဦးရေ မြင့်တက်နေမှုတို့ကိုနေ့စဉ်ထုတ်လွှင့်နေသည့် သတင်းများတွင် တွေ့ရမည်ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် မူးယစ်ဆေးဝါး ပြစ်ဒဏ်ပေးရာတွင် သေဒဏ်ပေးသော နိုင်ငံ ၃၆ နိုင်ငံအနက် အင်ဒိုနီးရှားနိုင်ငံသည် မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားမှု သေဒဏ်ပေးခြင်း ပြစ်ဒဏ်အား နိုင်ငံသား/နိုင်ငံခြားသား မခွဲခြားဘဲ တစ်ပြေးညီ အပြစ်ပေး အရေးယူသည်ကို ဩစတြေးလျ နိုင်ငံသားနှစ်ဦး မူးယစ်အမှုတွင် ကြည့်ပါက သိရှိနိုင်ပါသည်။ အလားတူပင် ကမ္ဘာ့မူးယစ်ဆေးဝါး သတင်းများကဲ့သို့ မြန်မာနိုင်ငံအတွင်းရှိ မူးယစ်ဆေးဝါးသုံးစွဲမှုများ၊ မူးယစ်ဆေးဝါး အလွဲသုံး ရောင်းဝယ်ဖောက်ကားမှုများ၊ နိုင်ငံတော်အစိုးရ၏ မူးယစ်ဆေးဝါး ပပျောက်ရေးဆိုင်ရာမူဝါဒများ၊ ငြိမ်းချမ်းရေးနှင့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးဆိုင်ရာ လုပ်ငန်းအရပ်ရပ်များကိုလည်း မျက်ခြည်ပြတ် မခံသင့်ပေ။ မူးယစ်ဆေးဝါး ပြဿနာမှာ လူမှုစီးပွားဘဝများစွာအတွက် အန္တရာယ်အလွန်ရှိသောကြောင့် ပြည်သူတစ်ရပ်လုံးက လက်ဦးမှုရယူလျက် ထိရောက်စွာ ကာကွယ်တိုက်ဖျက်သွားကြရမည် ဖြစ်သည်။

မူးယစ်ဆေးစတင်သုံးစွဲနိုင်ခြေရှိ
လူငယ်များ၏ အသိပညာဗဟုသုတ၊ အတွေ့အကြုံနှင့် ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းအားများ အချိန်နှင့်အမျှ တိုးတက်ရေး စာကောင်းပေမွန်များ ရွေးချယ်ဖတ်မှတ်ကြရန် လိုအပ်ပါသည်။ အလိမ္မာစာမှာရှိ ဆိုရိုးစကားနှင့်အညီ မိဘများက လူငယ်များကို စာအုပ်စာပေနှင့် ရင်းနှီးအောင် ဖန်တီးပေးကြရပါမည်။ မိမိကိုယ်တွေ့ထက် စာအုပ်စာပေနှင့် ပတ်ဝန်းကျင်မှ ရရှိသော အတွေ့အကြုံ သင်ခန်းစာများသည် လူ့ဘဝအတွက် လွန်စွာတန်ဖိုးရှိသော ဥစ္စာစီးပွားဖြစ်ပါသည်။ အတွေ့အကြုံကောင်းများ ကြုံကြိုက်ရရှိပါက ဘဝတန်ဖိုးမှာလည်း မြင့်မားလာစမြဲပင်ဖြစ်သည်။ လောကတွင် လေ့လာစရာ မကုန်ခန်းနိုင်စွာ ရှိလွန်းလှသဖြင့် မိမိဝါသနာပါရာ ပန်းချီ၊ ဂီတ၊ စာပေတစ်စုံတစ်ခု လေ့လာသင်ယူခြင်းဖြင့် မူးယစ်ဆေး ဟူသော အဖျက်ဆေးဝါးများနှင့် အဝေးဆုံးသို့ ရောက်ရှိစေမည် ဖြစ်ပါသည်။ အားကစားမြှင့်တင် စိတ်လန်းရွှင် ဆန့်ကျင်မူးယစ်ဆေး ဆိုသည့်အတိုင်း အားကစားလှုပ်ရှားမှု ပြုလုပ်ခြင်းသည် ကာယ၊ ဉာဏ နှစ်ဖြာသော အကျိုးကိုရရှိစေပြီး မူးယစ်ဆေးဝါး၊ ဆေးလိပ်နှင့် အရက်သေစာ သောက်စားခြင်းမှ ကင်းဝေးလျက် ကျန်းမာလှပ လူငယ်ဘဝ ရရှိမည် ဖြစ်ပါသည်။ လူငယ်များ အချိန်ကို အကျိုးရှိရှိ အသုံးပြုရန်လိုအပ်ပြီး နွေရာသီအားကစားသင်တန်းများ တက်ရောက်ခြင်း၊ နေ့စဉ် ကိုယ်ကာယ လေ့ကျင့်မှုပြုလုပ်ခြင်းသည် ကျန်းမာရေးအတွက် အထောက်အကူပြုသည့်အပြင် မူးယစ်ဆေးဝါး ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခုအဖြစ် လူကြီးမိဘများက တိုက်တွန်းအားပေးကြရန် လိုအပ်ပါသည်။

မူးယစ်ဆေးဝါး သုံးစွဲသူအများစုသည် ပညာရေးအခြေခံအားနည်းမှု၊ ဆင်းရဲနွမ်းပါးမှုတို့နှင့် တစ်ဆက်တည်းဖြစ်သော အိမ်တွင်းရေး အဆင်မပြေမှုများကြောင့် မူးယစ်ဆေး စတင်သုံးစွဲနိုင်ခြေ ရှိပါသည်။ မူးယစ်ဆေးဝါးများအနက် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးအန္တရာယ်က ဆိုးရွားလှသည်။ ဆေးသုံးစွဲသူ၏ အသိ၊ အမြင်၊ အကြား၊ အရသာ၊ အနံ့အာရုံ အသီးသီးကို ပြောင်းလဲပစ်နိုင်စွမ်းရှိပေသည်။ ဆေးခြောက်တွင် စိတ်ကိုကြွစေသည့် သဘာဝ ဓာတုပစ္စည်း ပါဝင်သဖြင့် သောက်သုံးမိပါက ရယ်မောပျော်ရွှင်ခြင်း၊ စိတ်အတွင်း တင်းကျပ်ပိတ်ဆို့မှုများနှင့် စိုးရိမ်စိတ်များကို ဖယ်ဖျောက် နိုင်စွမ်းရှိသည်ဟု အထင်မှားစေသည်။ မူးယစ်ဆေးဝါးကို ရှူရှိုက်ခြင်း၊ သွေးကြောထဲ ထိုးသွင်းခြင်း၊ စားသောက်ခြင်း စသဖြင့် ပုံစံအမျိုးမျိုး သုံးစွဲကြသည့်အနက် မူးယစ်ဆေးဝါးများ ခန္ဓာကိုယ်တွင်း သွတ်သွင်းရှူရှိုက်ခြင်းဖြစ်စဉ်တွင် မီးခိုးအငွေ့လေးများ သည် အဆုတ်နှင့်သွေးကြောတို့ကို ဖြတ်သန်းစီးဝင်လျက် နှလုံးနှင့် ဦးနှောက်သို့ ပို့ဆောင်လေ့ရှိသဖြင့် အာနိသင်မှာ မိနစ်အနည်းငယ်အတွင်း ဖြစ်ပေါ်နိုင်သည်။ အလားတူ မူးယစ်ဆေးကို အရည်ဖျော်ပြီး သွေးကြောအတွင်း တိုက်ရိုက်ထိုးသွင်း ခြင်းသည် ဆေးသုံးစွဲမှုပုံစံများအနက် အမြင့်ဆုံးနည်းလမ်းဖြစ်ပြီး အကျိုးအာနိသင်အားဖြင့် စက္ကန့်ပိုင်းအတွင်း ဖြစ်ပေါ်စေသည်။

အကျိုးဆက်အားဖြင့် မူးယစ်ဆေးသွင်းသူများအကြား ဆေးထိုးအပ်နှင့် ဆေးထိုးပြွန် အတူတကွ သုံးစွဲကြပြီး သွေးစသွေးနမှ တစ်ဆင့် ခုခံအား ကျဆင်းမှုကူးစက်ရောဂါ HIV (Human Immuno-deficiency Virus) ဗိုင်းရပ်စ်ပိုး အလွယ်တကူ ဝင်ရောက်နိုင်သည်။ ရောဂါပိုးဝင်လာသည်နှင့် တစ်ပတ်၊ နှစ်ပတ်အတွင်းအဖျားဝင်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ကိုယ်လက်များ နာကျင်ကိုက်ခဲခြင်းနှင့် အရေပြားတွင် အနီကွက်များ ဖြစ်ပေါ်လာနိုင်သည်။ သတိပြုဆင်ခြင်ရမည်မှာ မူးယစ်ဆေးဝါး တစ်ခုခု စွဲစွဲမြဲမြဲ သုံးစွဲမိပါက HIV ပိုး၊ B ပိုး၊ C ပိုး၊ ဦးနှောက်နှင့် အာရုံကြောများကို ဆိုးရွားစွာထိခိုက်ပုံ၊ ဆေးလွန်သတိမေ့ခြင်း၊ ထုံနာကျဉ်နာအကြောသေရောဂါ၊ နှလုံးရောဂါ၊ အဆုတ်ရောဂါအမျိုးမျိုး၊ အသည်းရောင်ရောဂါ၊ သွေးကြောပိတ်ရောဂါနှင့် ကိုယ်အနှံ့ အနာစိမ်းများပေါက်ပြီး သွေးဆိပ်တက်ရောဂါများ ဖြစ်ပွားတတ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ အနေဖြင့် စိတ်ရောဂါအမျိုးမျိုးနှင့် စိတ်ကျရောဂါရရှိခြင်း၊ မိမိကိုယ်ကို သေကြောင်းကြံစည်ခြင်း၊ လူမှုရေးဆိုင်ရာ ပြဿနာများအနေဖြင့် ဥပဒေအရ အရေးယူခံရခြင်း၊ မူးယစ်ဆေးရလိုမှုဖြင့် ရာဇဝတ်မှုများစွာကို လက်ရဲဇက်ရဲ ပြုလုပ်နိုင်စွမ်းရှိသဖြင့် ကြောက်စရာကောင်းလှသည့် မူးယစ်ဆေးဝါးအမျိုးမျိုးကို လူငယ်အားလုံး ပညာမျက်စိ ရှေ့သို့ကြည့်လျက် မူးယစ်ဆေးဝါးအစွမ်း လက်တည့်မစမ်းကြရန် လိုအပ်နေပါသည်။

အညွန့်ကိုချိုး၊ အမြစ်ကိုလှန်ပစ်
ယနေ့အချိန်တွင် မူးယစ်သတင်းပေးသူ ပြည်သူလူထုနှင့် မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု၊ နှိမ်နင်းသူ နိုင်ငံတော်အစိုးရတို့ အတူတကွ လက်တွဲဆင်နွှဲနေသည့် မူးယစ်တိုက်ပွဲ၊ ဖမ်းဆီးအရေးယူသည့် သတင်းများက ဟန်ချက်ညီလွန်းလှသည်။ ထို့အတူ မူးယစ်ဆေးဝါးထုတ်လုပ်မှု ပပျောက်ရေး (Supply) နှင့် သုံးစွဲမှု ပပျောက်ရေး (Demand) လုပ်ငန်းစဉ် နှစ်ရပ်ဖြင့်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ထုတ်လုပ်မှုပပျောက်ရေး လုပ်ငန်းစဉ်အောက်တွင် တားဆီးနှိမ်နင်းရေးနှင့် စီမံခန့်ခွဲရေး၊ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး၊ မွေးမြူရေး၊ သီးနှံအစားထိုး စိုက်ပျိုးရေးနှင့် အစပျိုး ဓာတုပစ္စည်းများ ထိန်းချုပ်ကြီးကြပ်ရေး လုပ်ငန်းများကို မျက်ခြည်မပြတ် စစ်ဆေးဖော်ထုတ် အရေးယူလျက်ရှိပါသည်။ အလားတူပင် မူးယစ်ဆေးဝါး ကာကွယ်တားဆီးရေးလုပ်ငန်းရပ်များတွင် အကြံဉာဏ်၊ နည်းပညာ၊ ငွေကြေး အရင်းအနှီးများ စိုက်ထုတ်ပါဝင်သည့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပြည်တွင်း အသင်းအဖွဲ့တစ်ခုဖြစ်သည့် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းတို့၏ လုပ်ဆောင်မှုများသည် မူးယစ်ဆေးဝါး၏ အညွန့်ကိုချိုး၊ အမြစ်ကို လှန်ပစ်ခြင်းသာဖြစ်ပြီး မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီးရေးလုပ်ငန်းများကို မဟာဗျူဟာ စီမံချက်များအတိုင်း စနစ်တကျ တိုက်ဖျက်နေခြင်းသာ ဖြစ်ပါသည်။

ယနေ့ နိုင်ငံတော်အစိုးရသစ်သည် မူးယစ်ဆေးဝါးအ္တရာယ် တားဆီး ကာကွယ်ရေး ထိန်းချုပ်ရေးဆိုင်ရာ မူဝါဒအသစ်ချမှတ်ရာ တွင် လူငယ်ရေးရာ မူဝါဒနှင့်အညီ လူငယ်များ၏ အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ မူးယစ်ဆေးဝါး အ္တရာယ်နှင့် ကာကွယ်တိုက်ဖျက်ရေး အစီအမံများ ထည့်သွင်းအကောင်အထည်ဖော် ဆောင်ရွက်နေသည်ကို တွေ့ရပါသည်။ လူငယ်များ ပညာရည်မြင့်မားရေး၊ ကျန်းမာကြံ့ခိုင်ရေး၊ အသိအမြင်ကြွယ်ဝရေးမှာ ထာဝစဉ်လိုအပ်နေပြီး လူငယ်များအရည်အချင်းပြည့်ဝ စွမ်းရည်မြင့်မားစေမှုကို နှောင့်ယှက်ဟန့်တားနေသော နံပါတ်တစ်အန္တရာယ် မူးယစ်ဆေးဝါးရန်စွယ်ကို ကာကွယ်တိုက်ဖျက် ရေးက အမျိုးသားရေး တာဝန်တစ်ရပ်ပမာ ရှိလာပြီဖြစ်သည်။ မူးယစ်ဆေးဝါးပြဿနာသည် နယ်ချဲ့တို့ ချန်ရစ်ခဲ့သည့် ဆိုးမွေတစ်ခုဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှု၊ ဓလေ့စရိုက်၊ သွင်ပြင်လက္ခဏာတို့နှင့် ဆန့်ကျင်ဘက်ဖြစ်ရုံမျှမက အမျိုး၊ ဘာသာ၊ သာသနာကို ဖျက်ဆီးရန် အခြေပြုနေသော အချိန်မရွေးပေါက်ကွဲမည့် ဗုံးတစ်လုံးပမာ တူလှခြင်းကြောင့် ပြည်သူတစ်ရပ်လုံးက နိုင်ငံတော်အစိုးရနှင့်အတူ လက်တွဲညီညီ ပူးပေါင်းကာကွယ်သွားကြရန်လိုအပ်ပါကြောင်း တိုက်တွန်းလျက် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြု ရေးသားလိုက်ရပါသည်။     ။