ပုလဲ  ၁၁  ဒီဇင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး ၊  ယင်းမာပင်ခရိုင်၊   ပုလဲမြို့နယ်၊   ကျေးသမျှားကျေးရွာ၊ တောင်သူ ဦးမြင့်သန်း၏ ကွင်းအမှတ် ၁၀၅၁-ခ ၊  ဦးပိုင်အမှတ် ၃၇ - ၂ ရှိ  လယ်ယာမြေ  ၂ ဧက‌ပေါ်၌ မြောက်ယမားဆည်ရေသောက်ဧရိယာအတွင်း လယ်ယာကဏ္ဍ စိုက်ပျိုးမှု  ဖွံ့ဖြိုးတိုးတက်ရေး  အထောက်အကူပြုစီမံကိန်း (  Agricultural  Development  Support  Project) အစီအစဉ်ဖြင့် ဆောင်ရွက်ထားရှိသော မိုးစပါး ဧရာမင်းမျိုးစေ့ထုတ် ( FS to RS) စိုက်ကွက် စံကွက်ရိတ်သိမ်းမှု တောင်သူကွင်းသရုပ်ပြပွဲကို ဒီဇင်ဘာ  ၁၀ရက် ညနေ  ၄ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

mdn

ပုလဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဝင်းစိုးက “ တစ်ဧကအထွက်နှုန်း မြင့်မားစေရေး၊ အထွက်နှုန်း မိတ်ဖက်များဖြစ်တဲ့ ကောက်ကွက် ပြည့်မီစေရေး၊ အောင်နှံပင်ပွား တိုးပွားရေးနှင့် တစ်နှံပါအောင်စေ့ တိုးပွားစေရေး၊ စံကွက်ရိတ်သိမ်း၍ ရရှိလာတဲ့ ရလဒ်အပေါ်မူတည်ပြီး တစ်ဧက ကောက်ကွက်ဝင်ဆံ့မှုမရှိက လာမယ့် စိုက်ပျိုးရာသီမှာ လိုအပ်ချက်များကို လိုက်နာပြုပြင်  စိုက်ပျိုးစေရေး ရည်ရွယ်ချက်များဖြင့်  မိုးစပါး ဧရာမင်း မျိုးစေ့ထုတ် (FS to RS ) စိုက်ကွက် စံကွက်ရိတ်သိမ်းမှု တောင်သူကွင်းသရုပ်ပြပွဲကို ဆောင်ရွက်ပေးရခြင်း ဖြစ်ပါတယ် ” ဟု ပြောသည်။

ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဝင်းစိုးက ဓာတ်မြေသြဇာ ဥပဒေစာအုပ်များကို  ပေးအပ်ရာ တောင်သူများ (ကိုယ်စား) ကျေးသမျှား ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးသိန်းတန်က လက်ခံရယူခဲ့သည်။

ထိုနောက် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန ဝန်ထမ်းများနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက တောင်သူဦးအေးဆောင်၏ လယ်ယာမြေတွင် စိုက်ပျိုးထားရှိသော ဧရာမင်းစပါးမျိုး ၁ ဧက ၏  ၁၀၀၀ ပုံ တစ်ပုံ ၆ ဒသမ ၆ ပေ ပတ်လည်ကွက်ကို စံကွက်ရိတ်သိမ်းရာ တစ်ဧက အထွက်နှုန်း စပါးအစို ၈၈ တင်းထွက်ရှိခဲ့သည်။

အဆိုပါ မိုးစပါး  စံကွက်ရိတ်သိမ်းမှု တောင်သူကွင်းသရုပ်ပြပွဲသို့  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန  ဦးစီးအရာရှိ ဦးဇော်ဝင်းစိုးနှင့်    ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများ ၊  ကျေးသမျှားကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ တောင်သူများ တက်ရောက် လေ့လာခဲ့ကြောင်းနှင့်  ပုလဲမြို့နယ်တွင်   မိုးစပါး လျာထားဧက ၄၅၁၈၀ ရှိရာ  စိုက်ဧကမှာ ၄၅၄၄၉ ဧက ဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

                                                                                                                    

မြင့်သိန်းစိုး(ပြန်/ဆက်)