ထားဝယ် ဇူလိုင် ၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်း မြို့နယ်များရှိ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ တောင်သူများနှင့် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်မည့် အကျိုးဆောင်တောင်သူများအတွက် မျိုးစပါး၊ ကွန်ပေါင်းဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲကို ဇူလိုင် ၅ ရက် နံနက်ပိုင်းက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက “တိုင်းဒေသကြီးတွင် သား/ငါးများပေါပြီး ငါးများအဓိကထား စားသုံးကာ ပင်လယ်မှ ငါးတန်(၂)သိန်းထွက်ရှိသောကြောင့် သားငါးများအတွက် မကြောင့်ကြရကြောင်း၊ အဓိက ဆန်နှင့်ဆီအား ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ပေးကြရန်” ပြောကြားပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူး ဦးသန်းထိုက်က ရေ၊ မြေ၊ ဒေသနှင့် ကိုက်ညီသည့် အထွက်ကောင်း မျိုးကောင်း မျိုးသန့်စိုက်ပျိုးနိုင်ရေးအတွက် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေ အစီအစဉ်ဖြင့် ပံ့ပိုးထားရှိသည့် ကော်ဖီမျိုးကောင်းမျိုးသန့် ပျိုးပင် ရှစ်သိန်းနှင့် ကိုကိုးမျိုးကောင်းမျိုးသန့် ပျိုးပင် နှစ်သိန်းတို့ကို တောင်သူများထံ ဖြန့်ဝေလျက်ရှိကြောင်း ပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက ထားဝယ်ခရိုင်အတွင်းရှိ အကျိုးဆောင် တောင်သူများအား မျိုးစပါး၊ သဘာဝဓာတ်မြေဩဇာနှင့် ကွန်ပေါင်းဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်သည်။ ယင်းနောက် တောင်သူများကိုယ်စား တောင်သူ ဦးအောင်နေစိုးက ကျေးဇူးတင်စကားပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခန်းမအတွင်း ခင်းကျင်းပြသထားသော ပြခန်းများအား ကြည့်ရှုအားပေးသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း ဘက်စုံ အဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာများအဖြစ် ခရိုင် လေးခရိုင်၊ မြို့နယ် ၁၀ မြို့နယ်၊ တောင်သူ ၇၂၁ ဦးက စိုက်ဧက ၂၈၂၀ ကို လည်းကောင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ကျောက်မော်ကျေးရွာတွင် တောင်သူ ၉၅ ဦးက စပါးစိုက်ဧက ၃၁၀ ကို လည်းကောင်း၊ လောင်းလုံးမြို့နယ်၊ သဗျာကျေးရွာတွင် တောင်သူ ၁၀၄ ဦးက စပါးစိုက်ဧက ၃၀၀ ကို လည်းကောင်း၊ သရက်ချောင်းမြို့နယ်၊ ဆင်ကူးကျေးရွာတွင် တောင်သူ ၇၁ ဦးက စပါးစိုက်ဧက ၃၀၀ ကို လည်းကောင်း၊ ရေဖြူမြို့နယ်၊ ညင်းထွေးကျေးရွာတွင် တောင်သူ ၁၂၂ ဦးက စပါးစိုက်ဧက ၃၀၀ ကို လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အဆိုပါစိုက်ဧကများအတွက် တစ်ဧကလျှင် မျိုးစပါး တစ်တင်း၊ သဘာဝမြေဩဇာ တစ်အိတ်နှင့် ကွန်ပေါင်းဓာတ်မြေဩဇာ အိတ်ဝက်နှုန်း ထောက်ပံ့ပေးအပ်ပြီး မျိုးကောင်းမျိုးသန့် ပြောင်းလဲသုံးစွဲနိုင်ရေးအတွက် မျိုးစပါး တင်း ၅၀၀၀ ကိုလည်း ဖြန့်ဝေသွားမည်ဖြစ်ကာ ထားဝယ်ခရိုင်ရှိ အကျိုးဆောင်တောင်သူများအတွက် ၂၆၂၅ တင်းကို ယနေ့အခမ်းအနားတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


